ပုလဲနယ်မှာ နေအိမ် ၁၀ လုံးကျော်ကို စစ်တပ်ကမီးရှို့

ပုလဲနယ်မှာ နေအိမ် ၁၀ လုံးကျော်ကို စစ်တပ်ကမီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အေးကုန်းရွာက နေအိမ်တွေကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေသားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တလျောက် စစ်ကြောင်းထိုးနေတဲ့ ခမရ ၇၀၈ စစ်ကြောင်းမှ စစ်သားတွေက အေးကုန်းကျေးရွာက နေအိမ်တွေအပြင် နွားစာသိုလှောင်ရုံ၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေကိုလည်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“အိမ် ၁၆ လုံး မီးရှို့ခဲ့ကြတယ်။ တခြားစက်ပစ္စည်းတွေလည်း မီးထဲပါသွားတယ်" လို့ပုလဲ ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်တွေက အိမ်ထောင်စု ၁၆ စုအတွက် ဆန် ၁၀ အိတ်၊ ဆီ ၁ ပုံး၊ စောင်၊ မိုးကာ၊ အနွေးထည်၊ အမျိုးသမီးလုံချည်၊ တခြားအသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေတသိန်းကျပ်ကို ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ 

"မီးရှို့ခံရတဲ့အိမ်ထဲမှာ ပအဖအဖွဲ့ဝင်အမျိုးသမီးတဦးရဲ့အိမ် ပါသွားတယ်။ ငွေတသိန်းကတော့ ဘာမှ မပြောပလောက်ပါဘူး။ ကျမတို့လည်း တတ်နိုင်တဲ့ဘက်ကကူညီရတာပါ " လို့ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်တာဝန်ခံ မအိသူသူမောင်က မြေလတ်အသံကို ပြောပါတယ်။

မနက် ၈ နာရီခွဲလောက်မှာ ရွာကို မီးဝင်ရှို့ပြီး ၁၀ နာရီလောက်မှ ကျားတက်ရွာရဲစခန်းကို စစ်ကြောင်းပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။ 

စစ်ကြောင်းပြန်ထွက်ပြီးနောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နဲ့ ဒေသခံတွေက မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ပုလဲပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ၅ သောင်းကျော် (၅၈၃၉၇) မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လွတ်လပ်တဲ့သုသေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #အေးကုန်းကျေးရွာ #စစ်ကောင်စီ #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10