ပုလဲနယ်မှာ ရက်ရှည်တပ်စွဲ စစ်ကြောင်းထိုးနေလို့ လူ ၁သောင်းကျော်စစ်ရှောင်နေရပြီး ရိက္ခာအတွက်ခက်ခဲနေ

ပုလဲနယ်မှာ ရက်ရှည်တပ်စွဲ စစ်ကြောင်းထိုးနေလို့ လူ ၁သောင်းကျော်စစ်ရှောင်နေရပြီး ရိက္ခာအတွက်ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ပုလဲမြို့နယ်အတွင်းက ရိုး၊ မုံ့ကြိုင်း၊ မြန်ကုန်း၊ သေတ္တာရာ၊ ဇေတီယျုံ၊ ကုက္ကိုလ်ကုန်း၊ ပန်းရွာ၊ ကြောင်သန်း၊ နွယ်ရှောက်၊ လက်ပုကန်း၊ ကျွန်းဘိုကုန်း စတဲ့ကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။ 

"စစ်ကြောင်းက လက်ပုကန်ရွာထဲမှာရှိသေးတယ်။ ရွာထဲဝင်ဖို့မလွယ်သေးပါဘူး။ စစ်ရှောင်တွေတော့ ရိက္ခာအခက်အခဲ ရှိပါတယ်" လို့ ပအဖ အဖွဲ့မှ ကိုဇော်ထက် ကပြောပါတယ်။

အဲ့ဒီကျေးရွာတွေကို ဒီဇင်ဘာ ၁၁ ရက်ကစပြီး စစ်အုပ်စုက အုပ်စုခွဲစစ်ကြောင်းထိုးတာ၊ ကျေးရွာတွေမှာ တပ်စွဲနေတာကြောင့် ဒေသခံတွေက ရက်ရှည်စစ်ရှောင်နေကြရတာပါ။ 

“စစ်တပ်က ရွာတွေရော တောထဲတွေပါ ပတ်သွားနေကြတယ်။ စစ်ရှောင်တွေက လက်ဗလာနဲ့ ထွက်ပြေးလာတဲ့သူများတယ်။ စားသောက်ဖို့နဲ့ ဆေးဝါးကုသဖို့ လိုအပ်နေပါတယ်။ ကျနော်တို့ထက် ရက်ရှည်စစ်ရှောင်နေရတဲ့ ရွာတွေလည်းရှိတယ်။ ရပ်ရွာအဖွဲ့တွေလည်း တတ်နိုင်သလောက် ကျွေးမွေးကြပါတယ် ” လို့ နွယ်ရှောက်ရွာက စစ်ရှောင်လာသူ တဦးက ပြောပါတယ်။  

စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်တွေ အဓိကလိုအပ်နေပြီး လက်ရှိမှာတော့ ရပ်ကျေး ပကဖ၊ ပအဖနဲ့ ပြည်သူတွေအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့က ထောက်ပံ့ကူညီထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ တဖြည်းဖြည်းနဲ့ များပြားလာပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမ္မဂရဲ့ အစီခံစာအရ နိုင်ငံတဝန်းနေရပ်စွန့်ခွာထွက်ပြေးသူ ၂ ဒသမ ၆ သန်းကျော် ရှိပြီလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #စစ်ရှောင် #တိမ်းရှောင် #စစ်ကေင်စီ #စစ်ကြောင်းထိုး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10