ပုလဲနယ် အင်မထီးပျူစောထီးရွာမှ ရွာခံ ၇ ဦးထွက်ပြေးလာပြီး ပအဖ အဖွဲ့ထံခိုလှုံ

ပုလဲနယ် အင်မထီးပျူစောထီးရွာမှ ရွာခံ ၇ ဦးထွက်ပြေးလာပြီး ပအဖ အဖွဲ့ထံခိုလှုံ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အင်မထီးပျူစောထီးကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ ၇ ဦးက ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံ ဒီဇင်ဘာ ၂၈ ရက်က ခိုလှုံခွင့်တောင်းခံလာတယ်လို့ ပုလဲပအဖထံက သိရပါတယ်။ 

အင်မထီးပျူရွာက အသက် ၈၁ နှစ်အရွယ်အဘိုးအို ၁ ဦး၊ အသက် ၈၀ နှစ်အရွယ် အဘွားအို ၁ ဦး၊ အသက် ၄၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၆ နှစ်အရွယ် သား ၁ ဦး၊ အသက် ၁၄ နှစ်အရွယ် သမီး ၁ ဦး၊ အသက် ၅၈ နှစ်အရွယ်အမျိုးသား ၁ ဦး၊ အသက် ၄ နှစ်အရွယ် သမီး ၁ ဦးနဲ့ စုစုပေါင်း ၇ ဦး ထွက်ပြေးလွတ်မြောက်လာကာ ပုလဲနယ် ပအဖအဖွဲ့ထံ ခိုလှုံခွင့် တောင်းခံလာတာလို့ ဆိုပါတယ်။

"သူတို့တွေ အစားအသောက်ခက်ခဲနေကြတယ်။ တောင်းတိုင်းလည်း မပေးဘူး။ ပိုက်ဆံရှိတော့လည်း ဝယ်စားလို့ မရဖြစ်နေတယ်။ ကြာတော့ စိတ်ပျက်ပြီး ထွက်ပြေးလာကြတာ" လို့ ပုလဲ ပအဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

ထွက်ပြေးလာတဲ့သူတွေထဲမှာ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတဦးက အင်မထီးကျေးရွာမှာရှိနေချိန် စစ်ကောင်စီ စစ်ကြောင်းနဲ့ ၃ ကြိမ်လိုက်ခဲ့ဖူးပြီး ပြည်သူတွေနေအိမ်ဆီကနေ စားသောက်စရာတွေကို ယူခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

စားသောက်စရာမရှိလို့ ယူရတာဖြစ်သော်လည်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့အတွက် နောက်နောင် အဲ့ဒီလို အလုပ်မျိုး ဆက်မလုပ်ချင်တာကြောင့် အခုလိုထွက်ပြေးလာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

အဲ့ဒီလို ပျူစောထီးရွာက ထွက်ပြေးလာသူတွေကို လိုအပ်တာတွေစစ်ဆေးပြီး အေးချမ်းစွာနေထိုင်ဖို့ နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုကို ထိခိုက်စေတဲ့ အပြောအဆို၊ အပြုအမူတွေ၊ သူလျှိုဒလန် လုပ်ရပ်တွေ မပြုလုပ်ဖို့နဲ့ ပြုလုပ်မိပါက ပြင်းထန်တဲ့ အပြစ်ပေးအရေးယူခြင်းကို ခံရမှာဖြစ်ကြောင်း ခံဝန်ကတိလက်မှတ် ရေးထိုးထားရတယ်လို့ ဆိုပါတယ်။

ပျူစောထီးရွာက ထွက်ပြေးလွတ်မြောက်တဲ့ မိသားစု ၃ စုရဲ့ မိသားစုဝင် ၇ ဦးကို ပုလဲမြို့နယ် ပအဖအဖွဲ့က ခြုံစောင်၊ မိုးကာ၊ အမျိုးသမီး အဝတ်အထည်များနဲ့ငွေ ၁၅၀,၀၀၀ ကျပ် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းတာ ၂ နှစ်ခွဲကျော် ကာလအတွင်းပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အင်မထီး ပျူရွာက ၃၈ ဦး၊ ဇီးဖြူကုန်းပျူရွာက ၂၀ ဦးနဲ့ စုစုပေါင်း ၅၈ ဦး ပြည်သူ့ဘက်ကို ခိုလှုံလာကြတယ်လို့ သိရပါ တယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲ # ပျူစောထီးရွာ #ထွက်ပြေးလွတ်မြောက် #ပအဖ #ခိုလှုံ #ထောက်ပံပေး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10