ပုလဲနဲ့ မြင်းမူမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ပုလဲနဲ့ မြင်းမူမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ မြင်းမူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

ပုလဲမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီအင်အား ၂၀ ကျော်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၅ ရက် ဒီမနက် ၈ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ M7 PDF တပ်ဖွဲ့က ပြောပါတယ်။ 

"စစ်ကြောင်းထိုးလာတဲ့အထဲက ရှေ့ပြေး ၇ ကောင်ကို ဆွဲလိုက်တာ။ ၃ ကောင်ကပွဲချင်းပြီး သေပြီးတော့ ၁ ကောင်က ဒဏ်ရာပြင်းထန်ရသွားတယ်” M7 PDF မှ ဒုတပ်ရင်းမှူး ဗိုလ်မြတ်က ပြောပါတယ်။

ဒဏ်ရာပြင်းထန်ရခဲ့တဲ့ စစ်သားတဦးမှာလည်း မျက်လုံးကို ထိခိုက်သွားတာကြောင့် လက်ရှိ မုံရွာဆေးရုံမှာ ဆေးကုသနေလို့လည်း ဆိုပါတယ်။

ဒီထိခိုက်သေဆုံးမှုကို ခိုင်လုံတဲ့သတင်းပေးတွေဆီက သိရကာ တိုက်ခိုက်ခံရပြီးနောက်မှာတော့ အဲ့ဒီစစ်ကောင်စီအဖွဲ့တွေဟာ ၅ မိနစ်လောက် ဘေးပတ်ဝန်းကျင်ကို ပစ်ခတ်ပြီး ပုလဲမြို့ပေါ်ကို တပ်ပြန်ဆုတ်သွားတယ်လို့လည်း ဗိုလ်မြတ်က ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို M7 People Defence Force၊ တိုက်နယ် ၇၊ ပုလဲမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ဒါ့အပြင် မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ စစ်ကောင်စီဂိတ်ကိုလည်း ဒေသခံကာကွယ်ရေးတပ်တွေက စက်တင်ဘာ ၄ ရက်မနေ့ ညနေ ၄ နာရီကနေ ၆ နာရီလောက်အထိ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒရုန်း ၃ စီးအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ၆၀ မမ၊ စက်သေနတ်တွေအပါအဝင် လက်နက်ငယ်တွေနဲ့ပါ အဆက်မပြတ်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦး ကပြောပါတယ်။ 

“မနေ့ကတော့ သူတို့ဘက်က ပြန်ဆုတ်ဖို့ အမိန့်ပေးနေတာတွေရော၊ ကားတွေ အသင့်ပြင်ခိုင်းနေတဲ့ အသံတွေကတော့ ကြားနေရတယ်။ ကျနော်တို့ သူတို့စခန်းအခြေထိပဲ ဝင်ပစ်လို့ရတယ်။ ပတ်ပတ်လည်မှာ နင်းမိုင်းတွေ၊ ဘန်ကာတွေ ပြည့်နေလို့”လို့ ကိုနွေဦးက ပြောပါတယ်။

အဲ့ဒီဂိတ်ကို ဆောက်လုပ်တာဟာ ၁ နှစ်ကျော်လောက်ရှိပြီး စစ်သားအင်အား ၆၀ နီးပါးနဲ့ တပ်စွဲထားတာဖြစ်သလို အဲ့ဒီဂိတ်နေရာဟာ ဗျူဟာလမ်းပိုင်းဖြစ်ပြီး အခြား စစ်ကောင်စီစစ်ကြောင်းတွေလည်း မကြာခဏ သွားလာလှုပ်ရှားမှုတွေ လုပ်လေ့ရှိတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။  

ဒီတိုက်ခိုက်မှုကို ဆင်ရိုင်းစစ်ကြောင်း - မြောင်၊ CDSOM အနောက်ပိုင်း 001 Drone၊ မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃၊ မြင်းမူ မြို့ပြပြောက်ကျားအဖွဲ့ CRF၊ Blood Brother အဖွဲ့၊ Hero အဖွဲ့၊ မြင်းမူလျှပ်စီး၊ Black Eagle - Myinmu၊ မြင်းခြံခရိုင် တပ်ရင်း PDF TALOKE နဲ့ စစ်ကိုင်းခရိုင် တပ်ရင်း၄ MSPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ပုလဲ #မြင်းမူ #တိုက်ခိုက်မှု #ထိခိုက် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10