သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းတိုက်ပွဲဟာ နိုဝင်ဘာ ၁၄ ရက် ဒီမနက်ပိုင်းအထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီမနက် ၇ နာရီခွဲခန့်မှ ၉ နာရီ ၄၀ မိနစ်ခန့်အထိ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Mi 35 လေယာဥ်တွေနဲ့ ၁၃ ကြိမ် ပုလဲမြို့ပေါ်နဲ့ ကျေးရွာဘက်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာ ပုလဲမြို့၊ မြသိန်းတန်ဘုရား၊ ဓမ္မာရုံပျက်စီးကာ ငပိရင်းဘုန်းကြီးကျောင်း မီးလောင်နေသလို စီးပွားရေးဘဏ်၊ ဆေးရုံနဲ့တိုက်တချို့ ပြိုကျပျက်စီးကာ ဒီမနက်အတွင်း ဒေသခံသေဆုံးသူ ၈ ဦးရှိခဲ့ပြီး အလောင်းကိုတော့ မကောက်ရသေးဘူးလို့ ဆိုပါတယ်။
ဒီမနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က Mi 17 လေယာဥ်နဲ့ အင်အား ၃၀ ကျော်ကို ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးအနီး လာချခဲ့တယ်လို့လည်း သိရပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေဘက်ကလည်း စစ်ကောင်စီတပ်အဓိကအခြေပြုရာ ထွေအုပ်ရုံးအပါအဝင် တပ်စခန်းနေရာတွေကို ပိတ်ဆို့ထားပြီး ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ရဲဘော်ပေက ပြောပါတယ်။
"စစ်တပ်က လေယာဥ်နဲ့ အင်အားထပ်ဖြည့်တယ်။ ရုံးထဲက အလံဖြူထောင်တာရှိတယ်" လို့ ရဲဘော်ပေက ပြောပါတယ်။
ထွေအုပ်ရုံးအတွင်းက နိုဝင်ဘာ ၁၄ ရက်ဒီမနက်ပိုင်းမှာ အလံဖြူထောင်တာကို မြင်တွေ့ခဲ့ရပြီး စစ်သား၊ ရဲနဲ့ NON CDM တွေထဲက ဘယ်သူအလံဖြူထောင်တာကိုတော့ ကွဲကွဲပြားပြား မမြင်ရဘူးလို့ ဆိုပါတယ်။
တိုက်ပွဲကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ နဲ့အတူ တခြားတပ်ရင်းတွေကလည်း ကူညီတိုက်ခိုက်ဖို့အတွက် ဝန်းရံစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း အာရက္ခတပ်တော် - AA က တပ်သားတွေလည်း ပါဝင်ဆင်နွှဲနေတယ်လို့ သတင်းအမှားတွေ ထွက်ပေါ်နေပြီး ဒီသတင်းတွေကြောင့် ပြည်သူတွေအန္တရာယ်ဖြစ်မှာကို စိုးရိမ်တယ်လို့ BNRA သတင်းနဲ့ ပြန်ကြားရေးဌာနက ရဲဘော်မင်းရဲမာန်က မြေလတ်အသံကို ပြောပါတယ်။
“ဒီလိုမျိုးသတင်းအမှား ဆိုက်ဝါးတွေပေါ့နော်၊ သတင်းအမှားတွေကြောင့် စစ်ကောင်စီကနေပြီးတော့ စစ်ရေးဖိအားပိုပြီးတော့ ပေးလာနိုင်တယ်ပေါ့နော်၊ အဲ့ဒီမှာ ကြားထဲကကျနော်တို့ပြည်သူတွေ အသက်အန္တရာယ်ပေါ့နော် ပိုပြီးထိခိုက်နိုင်တယ်၊ ဒီလိုမျိုးမလိုလားအပ်တဲ့ အန္တရာယ်တွေပေါ့၊" လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ လျှပ်စစ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးအချို့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAနဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက် မနက် ၄ နာရီခန့်မှာ စတင်စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။
နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့လယ်ပိုင်းမှာလည်း ပုလဲမြို့ပေါ်ရပ်ကွက်အနီးကျေးရွာတွေကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ရတယ်လို့ ပုလဲ ပအဖ တာဝန်ရှိသူက ဖြေဆိုခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ပုလဲမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာ ၁၂ ရွာခန့်က ပြည်သူ ၁ သောင်းကျော် စစ်ရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာလည်း တံတားလေယာဥ်ကွင်းမှတက်လာတဲ့ ဂျက်ဖိုက်တာ ၆ စီးနဲ့ Mi 35 ၁ စီးတို့ဟာ မနက် ၉ နာရီ ၄၀ မိနစ်ခန့်မှ ညနေ ၄ နာရီခွဲအထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေပြီလို့ ကနဦးသိထားရပြီး တိုက်ပွဲနောက်ဆက်တွဲ အခြေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဘယ်လောက်ရှိနေပြီလဲဆိုတာကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
ပုံစာ - BNRA တပ်ဖွဲ့ဝင်များ။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #တိုက်ပွဲ #စစ်တပ် #ဗုံးကြဲ
Share Share Share