ပုလဲမြို့နယ် တနယ်ရွာက ပကဖ ဒုခေါင်းဆောင် ပစ်ခတ်ခံရလို့ သေဆုံး

ပုလဲမြို့နယ် တနယ်ရွာက ပကဖ ဒုခေါင်းဆောင် ပစ်ခတ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ရွာက ပကဖ ဒုခေါင်းဆောင် ချောင်းမြောင်းပစ်ခတ်ခံလိုက်ရလို့ သေဆုံးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၉ ရက် မနေ့ ညနေ ၅ နာရီ ၂၀ မိနစ်လောက်မှာ တနယ်ကျေးရွာ ပကဖ ဒုခေါင်းဆောင် (တိုက်နယ်ပကဖအဖွဲ့ဝင်) အသက် ၄၀ ကျော်အရွယ် ကိုဇော်မျိုးသက်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သွားလို့  ဦးခေါင်း ၂ ချက် ၊ ရင်ဘက် ၁ ချက်ထိမှန်သွားသလို ဝမ်းဗိုက်နဲ့ လက်မောင်းကိုလည်း ဓားဖြင့်လှီးဖြတ်သွားတယ်လို့ ဆိုပါတယ်။

“ကိုသက်က လူမှုရေးကိစ္စတခုနဲ့ ပန်းရွာကိုလာတယ်။ ပန်းရွာကနေပြန်လာတဲ့အချိန် တနယ်ရွာရဲ့ အရှေ့ဘက် လှည်းလမ်းကြားအကွေ့လေးမှာ သူကိုလုပ်ကြံသွားတာ။ သူ့ကိုလုပ်ကြံတဲ့ သူတွေက ရွာသားတွေပြောကြားချက်အရ အမဲဝတ်စုံတွေဝတ်ထားကြတယ်။ နှစ်ယောက်လုံးက သေနတ်တွေ ကိုင်ထားကြတယ်” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကိုဇော်ထက်က ပြောပါတယ်။

အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦးက ကိုဇော်မျိုးသက်မှာ ပါရှိသွားတဲ့ ပိုက်ဆံအိတ်တလုံးကို  ယူဆောင်သွားခဲ့ပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားတဲ့နေ့က စစ်ကောင်စီစစ်ကြောင်းထိုးတာမရှိသလို၊ ပျူစောထီးအဖွဲ့အစည်းတွေ အထိုင်ချတပ်စွဲထားရာ ကျေးရွာလည်း ရှိမနေတဲ့အတွက် တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကိုဇော်ထက်က ပြောပါတယ်။

အခုလို ပုလဲမြို့နယ်နဲ့ အခြားမြို့နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေနဲ့ ပတ်သက်ပြီး NUG အစိုးရအနေနဲ့ အမှုမှန်တွေကို ပေါ်ပေါက်အောင် မလုပ်ပေးနိုင်ရင် ဒီထက်ဆိုးရွားတဲ့ ပြဿနာတွေဖြစ်လာနိုင်ကြောင်းကိုလည်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ကိုဇော်ထက်က ဆက်ပြောပါတယ်။

ဒီနေ့မနက် ဩဂုတ် ၁၀ ရက်မှာတော့ ကိုဇော်မျိုးသက်ကို တပ်ဖွဲ့ဝင်တွေက မီးရှို့သဂြိုဟ်ပေးလိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း ပုလဲမြို့နယ်၊ အင်မထီးရွာက ပျူစောထီးတပ်ဖွဲ့တွေဟာ တနယ်ကျေးရွာက နေအိမ် ၉ လုံး၊ ဆိုင်ကယ် ၁၃ စီးမီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဒေသခံတွေဆီကနေ ဆန်၊ ဆီ၊ နှမ်းအပါအဝင်အခြားပစ္စည်းတွေကိုလည်း ယူဆောင်သွားသလို  အသက် (၅၀)အရွယ် တနယ်ကျေးရွာ ပကဖ ခေါင်းဆောင်  ဦးမြင့်သိန်းကို ဖမ်းမိပြီး သတ်ဖြတ်သွားခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ပကဖ #စစ်ကောင်စီ #ပစ်ခတ်ခံရ #သေဆုံး #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10