ပုလဲမြို့နယ် အင်မထီးပျူစောထီးစခန်းကနေ မိသားစု ၄ စု ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကလေးငယ် ၁၁ ဦးပါဝင်

ပုလဲမြို့နယ် အင်မထီးပျူစောထီးစခန်းကနေ မိသားစု ၄ စု ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကလေးငယ် ၁၁ ဦးပါဝင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ၁ လအတွင်းမှာ မိသားစု ၄ စု ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရးအဖွဲ့ထံက သိရပါတယ်။ 

ပျူစောထီးကျေးရွာလို့ နာမည်ကြီးပြီး လက်နက်ကိုင်ပျူစာထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချထားရာ အင်မထီးကျေးရွာထဲမှာ ဒေသခံအချို့ဟာ ပျူစောထီးလုပ်ဖို့အတွက် အတင်းအကျပ် ဖိအားပေးခံထားရတာ၊ ပစ္စည်းလုယက်တာတွေမှာ လိုက်ခိုင်းတာတွေ လုပ်ခံနေရလို့ ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

“အရင်ကတော့ ပျူစောထီးလုပ်ဖူးလားဆိုတာ စစ်ဆေးတာရှိတယ်။ အစားအသောက်တွေ လုံးဝမစားရတော့ ပစ္စည်းသွားလုတာမှာ ပါဖူးတယ်။ လက်နက်ကိုင်တာတွေ ဘာတွေ မကိုင်ခဲ့ရဘူး။ တခါတလအတင်းအကျပ်ဖိအားပေးတာမျိုးလည်း ရှိတယ်။ ကျန်တာကတော့ မေးမြန်းစုံစမ်းဆဲပါ။” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေဟာ ယခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ မိသားစု ၂ စုနဲ့ စက်တင်ဘာလဆန်းပိုင်းမှာ မိသားစု ၂ စုတို့ဖြစ်ပြီး ယင်းမာပင်ခရိုင်၊ တပ်ရင်း ၇ နဲ့ တပ်ရင်း ၁၂ တို့မှ တာဝန်ရှိရဲဘော်များရဲ့ ကြိုးစားချိတ်ဆက်မှုတွေနဲ့ လွတ်မြောက်လာခဲ့ကြတာဖြစ်ပြီး လုံခြုံရာဒေသတွေကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“သူတို့ပြောတာကတော့ သူတို့ အထဲမှာထမင်းကောင်းကောင်း မစားရတာကြာပြီ။ လူတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ လူ့အသုံးအဆောင်တွေပေါ့နော် ဒါတွေ အသုံးမပြုရတာ ကြာပြီ။ ဆန်မမြင်ဖူးတာ မမြင်ဖူးတာကြာပြီ။ ပဲစင်းငုံတွေပြုတ်စားရတယ်။ တနေကုန်မှ ထမင်း နှစ်နပ် တနပ်ပဲစားရတယ် ဆိုတဲ့ အနေအထားတွေပေါ့” လို့ လူသားစာနာတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မိသားစုများ၏ နေ့စဉ်လူသုံးကုန်ပစ္စည်းမျိုးတွေကို မသုံးစွဲရတာကြာပြီဖြစ်ကာ ပညာသင်ကြားရမှုအပိုင်းမှာလည်း အဖြစ်သဘောလောက်သာ သင်ကြားနေရတယ်လို့ ဆိုပါတယ်။

ရွာအတွင်းပိတ်မိနေသည့် ဒေသခံတွေကိုလည်း အပြင်ထွက်ပါက NUG နဲ့ PDF တွေက ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နိုင်တယ်လို့ ဝါဒဖြန့်ထားတာတွေ ရှိနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေက ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာသည့် မိသားစု ၄ စုတွင် လူမမယ်ကလေးငယ်တွေအပါ ကလေး ၁၁ ဦးပါလာခဲ့ပြီး မိန်းကလေးငယ် ၅ ဦးနဲ့ ယောက်ျားကလေး ၆ ဦးပါဝင်ကာ အခြားကျေးရွာတွေက ဒေသခံတွေနဲ့ ရပ်ဆွေရပ်မျိုးတွေက ကူညီကျွေးမွေးတာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အင်မထီးကျေးရွာမှာ ပျူစောထီးအများအပြားနဲ့ စစ်ကောင်စီတပ်ဖွဲ့တပ်သားတွေက လက်နက်အပြည့်အစုံနဲ့ အထိုင်ချတပ်စွဲထားသလို မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း ပတ်ပတ်လည်မှာ စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ပုံစာ - ထွက်ပြေးလွတ်မြောက်လာကြသည့် မိသားစုဝင်များကို ပုလဲပအဖ တာဝန်ရှိသူများက ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြစဉ်။

#မြေလတ်အသံ

#သတင်း #ပျူစောထီး #ပုလဲမြို့နယ် #အင်မထီးကျေးရွာ #ဒေသခံ #ဖိအားပေးခိုင်းစေ #စစ်ကောင်စီ #လက်နက်ကိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10