ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေရ

ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားပြီး သြဂုတ် ၂၅ ရက်မှာ လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် အဖွဲ့ဆီက သိရပါတယ်။

စစ်တပ်ဘက်က ဂျက်ဖိုက်တာလေယာဥ်နဲ့ မွန်းလွဲ ၁ နာရီကျော်ကစပြီး အင်မထီးကျေးရွာအနီးဝန်းကျင်တွေကို ဗုံးကြဲချတိုက်ခိုက်တာတွေ လုပ်နေတာကြောင့် မင်းတိုင်ပင်၊ သပြေကုန်း၊ သာယာကုန်း၊ ဦးနှောက်၊ ချောင်းနား၊ သရက်ကန်၊ တလှိုင်းကန်၊ ဝါးကြီးတော အစရှိတဲ့ ရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ ခန့်စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

အင်မထီးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဩဂုတ် ၂၂ ရက်ကတည်းက အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေ လက်နက်ရိက္ခာ ဖြည့်တင်းနေပြီး ဩဂုတ် ၂၅ ရက် မနေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲစဖြစ်ခဲ့တယ်လို့ သိရပါတယ်။

"(စစ်ကောင်စီက)ဗုံးတွေ တလုံးပြီးတလုံး ကြဲချတယ်။ ပြည်သူတွေလည်း ရွာမှာမနေရဲလို့ စစ်ရှောင်နေရတယ်။ လက်နက်ကြီးနဲ့လည်း နေ့ရောညပါ ပစ်တယ်။ ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးပါဘူး" လို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့ဝင် ကိုဒိုက်က ပြောပါတယ်။

စစ်ရှောင်ပြည်သူ ၅,၀၀၀ ခန့်ဟာ ဘေးလွတ်ရာကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရသလို တချို့မှာလည်း တောတိုက်တွေထဲမှာ လှည်းပေါင်းမိုးအတွင်း နေထိုင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နေထိုင်ဖို့ အခက်အခဲတွေရှိနေသလို အိမ်ကယူလာတဲ့ စားသောက်စရာ ရိက္ခာပြတ် လပ်လာတဲ့အတွက် စားသောက်ရေးအတွက်ပါ အခက်အခဲတွေ့လာရတယ်လို့ သိရပါတယ်။ 

အဲဒီစစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ကန်ထောင့်ရဲစခန်း၊ ပျူစောထီးစခန်း၊ ပျူစောထီးရွာ အနီးမှာနေထိုင်ကြတဲ့အတွက် နေရပြန်ဖို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်ကလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေနေထိုင်တဲ့ အင်မထီးရွာကို နမခ လေတပ်မှ လေယာဥ်နဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ဖြည့်တင်းခဲ့ပြီး အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - သြဂုတ် ၂၅ ရက်က စစ်ရှောင်နေရသည့် ပြည်သူများကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲမြို့ #အင်မထီးရွာ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10