ပုလဲမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် အနီးက ရွာကို ရွာလုံးကျွတ်မီးရှို့သွား

ပုလဲမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် အနီးက ရွာကို ရွာလုံးကျွတ်မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကနေ ယင်းမာပင်မြို့နယ်ကိုထွက်ခွာလာတဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်က ရွာတရွာကို ရွာလုံးကျွတ်မီးရှို့သွားတယ်လို့ ABSDF Column -3 က သတင်းထုတ်ပြန်ထားပါတယ်။ 

အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီယာဥ်တန်းရဲ့ ခြေလျင်ရှေ့ပြေးအဖွဲ့ကို လက်တောင်းငယ်ကျေးရွာအနီးမှာ နိုဝင်ဘာလ  ၈ ရက် မနက် ၇ နာရီခွဲလောက်က တိုက်ခိုက်ခံရအပြီးမှာ မီးရှို့ခဲ့တာလို့ဆိုပါတယ်။

မီးရှို့ခံရလို့ နေအိမ် ၆၀ ရှိတဲ့ လက်တောင်းငယ်ရွာဟာ ရွာလုံးကျွတ် ပြာကျသွားတယ်လို့ ဆိုပါတယ်။

"မိုင်း ၁၀ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ စစ်အုပ်စုဘက်က ၂ ဦးထက်မနည်း သေပါတယ်။ ခဏကြာတော့ အနီးက လက်တောင်းငယ်ရွာကို ရွာလုံးကျွတ်မီးရှို့သွားတာ" လို့ ABSDF Column - 3 က သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။ 

မနက် ၈ နာရီဝန်းကျင်လောက်မှာ မီးရှို့အပြီး စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ်ဘက်ကို ဆက်ထွက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။ 

မီးရှို့ခံရတဲ့ လက်တောင်းငယ်ရွာကို ပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မီးငြိမ်းသတ်ပေးနေတာနဲ့ တိရိစ္ဆာန်သေဆုံးမှုတွေရှိတာကိုလည်း အဖွဲ့ရဲ့ ထုတ်ပြန်တဲ့မှတ်တမ်းဓါတ်ပုံတွေအရ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ABSDF အမှတ် ၁၄ တပ်ရင်း နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းခဲ့ပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နိုဝင်ဘာလ ၃ ရက်ကလည်း ABSDF နဲ့ပူးပေါင်းအဖွဲ့တွေဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မင်းကင်းနယ်မြေရဲစခန်းကို နယ်မြေခံပကဖနဲ့ပေါင်းကာ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပါသေးတယ်။

ပုံစာ- လက်တောင်းငယ်ရွာကို မီးငြိမ်းသတ်ပေးနေသည့် ရဲဘော်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ယင်းမာပင်မြို့ #မိုင်းဆွဲတိုက်ခိုက် #ရွာလုံးကျွတ်မီးရိူ့ #ABSDF #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10