ပုလဲမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်

ပုလဲမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်မှာ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၇၀၃ နဲ့ ၇၀၄ တပ်ရင်းက တပ်ဖွဲ့အင်အား ၈၀ ကျော်ဟာ မနက် ၇ နာရီခန့်မှာ ပုလဲနယ် အနောက်ဘက်ကို စစ်ကြောင်းထိုးလာရာ မြကုန်း၊ စေတီယျုံ၊  နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်၊ စေတီယျုံ၊ ကြောင်သန်းစတဲ့ ကျေးရွာနေပြည်သူ ၄,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါ တယ်။

အဲဒီစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စေတီယျုံကျေးရွာ အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါ တယ်။  

"စေတီယျုံရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ စစ်တပ်က Mi 35 လေယာဥ်နဲ့ လေကြောင်းက တိုက်ခိုက်သေးတယ်" လို့ ပုလဲပအဖအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် စေတီယျုံရွာရှိ နေအိမ်တလုံးမီးလောင်ပျက်စီးသွားပြီး ဘုန်းကြီးကျောင်းတကျောင်း ကျည်စတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ရာနေရာမှ ၁ မိုင်ကျော်အကွာမှာရှိတဲ့ ကုက္ကိုကုန်းကျေးရွာကို ဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့ မနက် ၆ နာရီခွဲအချိန်ခန့်က စစ်သားတွေက ကုက္ကိုကုန်းရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး စေတီယျုံကျေးရွာဘက် ပြန်လှည့်လာတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေ နေထိုင်ဖို့နဲ့ စားသောက်ဖို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံတို့က ကျေးရွာပအဖ၊ ပကဖတွေနဲ့ ပူးပေါင်းကူညီပေးနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #ပုလဲမြို့ #စစ်တပ် #စစ်ကြောင်းထိုး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10