ပုလဲမှာ စစ်ရှောင်တွေဆီက ရိက္ခာနဲ့တိရိစ္ဆာန်တွေကို စစ်သားနဲ့ပျူတွေလုယူ

ပုလဲမှာ စစ်ရှောင်တွေဆီက ရိက္ခာနဲ့တိရိစ္ဆာန်တွေကို စစ်သားနဲ့ပျူတွေလုယူ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာကနေ တိမ်းရှောင်နေခဲ့ရတဲ့ စစ်ရှောင်တွေဆီက ပစ္စည်းတွေကို သြဂုတ်လ ၅ ရက်မနေ့မနက်ပိုင်းမှာ စစ်သားနဲ့ပျူတွေက ယူဆောင်သွားတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

နှောရိုးရွာနဲ့ တမိုင်လောက်ဝေးတဲ့ ဇီးဖြူကုန်းရွာက စစ်သားနဲ့ပျူစောထီးအဖွဲ့ဟာ မနေ့မနက် ၈ နာရီလောက်မှာ တောစပ်တွေအနီးနေထိုင်နေရတဲ့ စစ်ရှောင်တွေဆီရောက်လာပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ တိရိစ္ဆာန်တွေကို လှည်းတွေနဲ့ ယူသွားခဲ့ကြတာလို့ ဆိုပါတယ်။ 

"စစ်ရှောင်တဲတွေက ဆန်၊ ဆီ စတဲ့ စားသောက်ကုန်တွေ၊ အဝတ်အစားတွေယူတယ်။ နွား ၄ ကောင်၊ ဝက် ၉ ကောင်ပါသွားတယ်။ တွေ့တာ အကုန်ခိုးယူကြတာပဲဗျာ" လို့ ပအဖ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ္စည်းတွေသယ်ပြီး ဇီးဖြူကုန်းရွာကို ပြန်သွားချိန် နေ့လယ် ၁၁ နာရီလောက်မှာ အဲ့ဒီစစ်သားနဲ့ပျူတွေကို ပုလဲမြို့နယ် ပကဖ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၇၊ တပ်ရင်း ၁၂ တပ်ဖွဲ့ဝင်တွေက လမ်းခုလပ်တနေရာကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

"စစ်သားနဲ့ပျူတွေကို ရဲဘော်တွေက လိုက်ပစ်ကြတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သေဆုံးဒဏ် ရာရတာက ရဲဘော်တွေစစ်ကြောင်းမပြန်သေးလို့ မသိရသေးတာပါ။ သတင်း မတိကြဘဲနဲ့ မပြောချင်သေးတာပါ" လို့ ပုလဲမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့ နှောရိုးကျေးရွာကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မနက်ပိုင်းမှာ နှောရိုးရွာက နေအိမ် ၃ လုံးကို ထပ်မံမီးရှို့ခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်မနက်ပိုင်းကလည်း ပုလဲမြို့နယ်၊ မင်းတိုင်ရွာနဲ့ ငှက်ပျောတောရွာအတွင်းက ပြည်သူတွေရဲ့ ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေအပြင် ကျေးရွာဘုန်းကြီးကျောင်းက စားနပ်ရိက္ခာတွေကိုလည်း အဲ့ဒီစစ်သားနဲ့ပျူတွေက လှည်းနဲ့သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။ 

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ နှောရိုးရွာကနေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့စဥ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ပုလဲ #နှောရိုး #စစ်ရှောင် #စစ်သားနှင့်ပျူ #ပစ္စည်းသယ်ယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10