ပုလဲမှာ စစ်မှုမထမ်းလိုတဲ့ပြည်သူတွေ နေထိုင်နိုင်ရန် ပအဖ ပြင်ဆင်၊ မိသားစုတစုကို စတင်လက်ခံ

ပုလဲမှာ စစ်မှုမထမ်းလိုတဲ့ပြည်သူတွေ နေထိုင်နိုင်ရန် ပအဖ ပြင်ဆင်၊ မိသားစုတစုကို စတင်လက်ခံ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တိမ်းရှောင်လာတဲ့ ပြည်သူတွေကို မတ် ၂၅ ရက်ကစပြီး လက်ခံစောင့်ရှောက်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်း မဲပေါက်ခဲ့သဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားရာ နယ်မြေမှာ နေထိုင်တဲ့ မိသားစုတစုက ထွက်ပြေးတိမ်းရှောင်လာတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

" ဒီမိသားစုတစုက ပထမဆုံး ဆက်သွယ်အကူအညီတောင်းလာတာပါ။ ပအဖနဲ့ ပကဖ တွေဆီလည်း ဆက်သွယ်နေတာတွေ ရှိပါတယ်။ အုပ်ချုပ်ရေးယန္တရားအဖွဲ့တွေဆီ လက်ခံစောင့်ရှောက်ဖို့လည်း တင်ပြထားပါတယ်" လို့ ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ပြောပါတယ်။

အလားတူ စစ်မှုမထမ်းလိုတဲ့အတွက် ပအဖနဲ့ ပကဖအဖွဲ့အပြင် တပ်ရင်း၊ တပ်ဖွဲ့တွေထံကိုလည်း ဆက်သွယ် အကြောင်းကြားလာတဲ့လူဦးရေ ရာဂဏန်းအထိ ရှိနေပြီး စောင့်ရှောက်ထားနိုင်ဖို့လည်း ပြင်ဆင်လုပ်ကိုင်နေတယ်လို့ သူကဆက်ပြောပါတယ်။

အခုလို စစ်မှုမထမ်းလို့တဲ့အတွက် တိမ်းရှောင်လာတဲ့မိသားစုကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံက သွားရောက်တွေ့ဆုံခဲ့ပြီး ငွေကျပ် ၅၀၀၀၀၊ အဝတ်အထည်တွေနဲ့ ခြင်ထောင်တို့ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံကြမယ့် စစ်မှုမထမ်းလိုကြတဲ့ ပြည်သူများအတွက် လုံခြုံရေး၊ နေထိုင်စားသောက်ရေးတို့အတွက် ပုလဲမြို့နယ် ပအဖ၊ ပကဖ တပ်ရင်းတပ်ဖွဲ့ တွေက လိုအပ်သလို ကူညီစောင့်ရှောက်မှုတွေ ပေးသွားနိုင်ဖို့  ပြင်ဆင်ထားနေပြီး အချိန်မီ ကြိုတင်ဆက်သွယ်ပေးကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသား ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ် သတ်မှတ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာရပ်တတ်မြောက်ထားသူတွေဖြစ်ပါက အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်၊ အမျိုးသမီး ၁၈ နှစ်မှ ၃၅ နှစ်ထိ သတ်မှတ်ထားပါတယ်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်၊ သန်းခေါင်စာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒဿမ ၃ သန်း၊ အမျိုးသမီး ၇ ဒဿမ ၇ သန်းရှိပြီး စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေကို သင်္ကြန်အပြီးမှာ စတင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ပုံစာ - မတ်လ ၂၅ ရက်က စစ်မှုမထမ်းလိုတဲ့ မိသားစုကို ထောက်ပံ့ပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #စစ်ကောင်စီ #စစ်မှုမထမ်းလိုသူများ #ကူညီစောင့်ရှောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10