ပုလဲမှာ စစ်ရှောင်စခန်းနဲ့ ရွာ ၁ ရွာကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးကြီးတဦး မီးလောင်သေဆုံး

ပုလဲမှာ စစ်ရှောင်စခန်းနဲ့ ရွာ ၁ ရွာကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးကြီးတဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ချောင်းနားတောတိုက်က စစ်ရှောင်စခန်းနဲ့ နောကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီလ ပထမပတ်အတွင်းမှာ မီးရှို့ခဲ့တာကြောင့် လူနေအိမ်ခြေ ၁၀၀ ကျော် မီးလောင်ပြီး အသက်ကြီး အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် ခမရ ၇၀၄ က စစ်သားတွေဟာ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာမှာ တပ်စွဲထားပြီး ဧပြီလ ၂ ရက်မှာ ပုလဲမြို့နယ်၊ နှောကန်ကျေးရွာက အိမ်ခြေ ၁၁၄ လုံးကို မီးရှို့ခဲ့သလို ဧပြီလ ၆ ရက်မှာလည်း ပုလဲမြို့နယ်ထဲက ချောင်းနားတောတိုက်မှာရှိတဲ့ စစ်ရှောင်တဲ ၅ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ပုလဲမြို့နယ် (ပကဖ) မှ သတင်းနဲ့ထောက်လှမ်းရေးတပ်တာဝန်ခံ ကိုလွင်ကြီးက ဆိုပါတယ်။

နှောကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်မီးရှို့တဲ့အချိန် လေဖြတ်လို့ ထွက်မပြေးနိုင်ဘဲ အိမ်ထဲမှာကျန်ခဲ့တဲ့ အသက် ၆၀ အရွယ်အမျိုးသမီးတဦးကတော့ မီးလောင်သေဆုံးခဲ့ပါတယ်။

မီးရှို့ခံလိုက်ရတဲ့ နှောကန်ကျေးရွာမှာ ဒေသခံ ၅၇၆ ဦး အိုးအိမ်မဲ့ဖြစ်ပြီး၊ လျှပ်စစ်မီတာဘောက် ၅၂ လုံး ဆုံးရှုံးကာ၊ ဓာတ်မီးတိုင် ၃ တိုင်လည်း ပျက်စီးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

"စစ်ကြောင်းမှာ စစ်ယူနီဖောင်းဝတ် အမျိုးသမီးစစ်သည် ၂ ဦးလောက်ပါလာတာ သေချာမြင်လိုက်ရတယ်။ နှောကန်ရွာကို မီးရှို့တာလည်း သူတို့စစ်ကြောင်းပဲ။ ချောင်းနားတောတိုက်ထဲက စစ်ရှောင်တဲကိုလည်း သူတို့ပဲ မီးရှို့ရင်း ရမ်းသမ်းပစ်လို့ အမျိုးသမီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်" လို့ ကိုလွင်ကြီးက ဆက်ပြောပါတယ်။

ချောင်းနားတောတိုက်ထဲက စစ်ရှောင်တဲ ၅ လုံးကို မီးဝင်ရှို့ခဲ့တဲ့အချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ ရမ်းသမ်းပစ်ခတ်တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတဦး၊ အသက် ၂၀ အရွယ် အမျိုးသားတဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး ကျည်ထိမှန်ကာ ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ မီးရှို့ခံလိုက်ရတဲ့ နှောကန်ကျေးရွာနဲ့ ချောင်းနားတောတိုက်မှ စစ်ကောင်စီတပ်တွေ ပြန်လည် ထွက်ခွာသွားပြီးဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ကျေးရွာထဲသို့ ပြန်လာကြပြီး မီးလောင်ခံထားရတာတွေကို ရှင်းလင်းရေးတွေ လုပ်နေကြရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10