ပုလဲမှာ ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အိုင်ရောင်းကျေးရွာမှာ ဧပြီ ၁၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ပေါ့ဆမီးကနေတဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၁၁၅ အိမ် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အိုင်ရောင်းရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး အိမ်ခြေ ၁၁၅ အိမ် မီးလောင်ဆုံးရှုံးကာ မိီးဘေးသင့်မိသားစုဝင် ၅၂၀ ကျော်ရှိရာ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

"ထမင်းချက်နေတဲ့အချိန် မီးဖိုနားမှာကျန်ခဲ့တဲ့ ဂက်စ်မီးခြစ်ပါမီးလောင်ပေါက်ကွဲပြီးတော့ မီးကူးစက်တာပါ။ နေပူတဲ့အချိန်လောင်တာရယ် လေကလည်းတိုက်တော့ မီးမငြှိမ်းနိုင်ကြဘူး။ လူတွေလည်း ဘေးလွတ်ရာ ပြေးရတာပေါ့" လို့ ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံကပြောပါတယ်။

မီးလောင်ကျွမ်းရာမှာ နေအိမ်အပြင် အသုံးအဆောင်ပစ္စည်းတွေ၊ ရိတ်သိမ်းထားတဲ့ စပါး၊ ပဲ၊ ဂျုံ၊ကြက်သွန်တွေနဲ့ သီးနှံအများအပြားလည်း ဆုံးရှုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေအတွက် ပုလဲ ပအဖ အပါအ၀င်တခြားအလှူရှင်တွေစုပေါင်းပြီး ကျပ်ငွေ ၇၃ သိန်းကျော် ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။  

မြို့နယ်အဖွဲ့အစည်းနဲ့ ပြည်သူတွေရဲ့ လှူဒါန်းငွေထဲက မီးဘေးသင့်အိမ်ထောင်စု ၁၁၅ စုမှာရှိတဲ့ မိသားစုဝင် ၅၂၀ ကျော်တို့အတွက် စားသုံးဆီ ၁၁ ပုံး၊ အမျိုးသားဝတ်လုံချည် ၁၁၅ ကွင်း၊ အမျိုးသမီးဝတ်လုံချည် ၁၁၅ ကွင်း၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းများကိုလည်း ဝယ်ယူပြီး အိုင်ရောင်းရွာ မီးဘေးသင့် ကူညီကယ်ဆယ်ရေးကော်မတီထံ ပေးအပ်ခဲ့တယ်လို့ ပအဖ တာဝန်ရှိသူက ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ ခါးဝတ်ခါးစားနဲ့ထွက်ပြေးကြရတာကြောင့် ဘာပစ္စည်းမှ မရလိုက်တဲ့အတွက် လိုအပ်တာတွေကို လှူဒါန်းငွေထဲက ဝယ်ပေးခဲ့တယ်လို့လည်း ပုလဲပအဖ တာဝန်ခံ ကိုဇော်ထက် ကပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေ နေ့စဥ်စားသောက်ဖို့အတွက်လည်း အိုင်ရောင်းရွာဆရာတော် ဦးဆောင်ပြီး ခရိုင်/မြို့နယ် ပအဖ၊ ပလဖ၊ ပကဖ၊ လူသားစာနာ အဖွဲ့တို့က ကျွေးမွေးကူညီပေးထားသလို အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေကလည်း ထမင်းထုပ်တွေ အလှည့်ကျပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။     

မီးဘေးသင့်ပြည်သူတွေက လက်ရှိမှာ မီးမလောင်ဘဲကျန်တဲ့အိမ်တွေ၊ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းမှာ နေထိုင်နေကြသလို တချို့ကိုလည်း ဆွေမျိုးသားချင်းတွေက လာရောက်ခေါ်ဆောင်ရာ အနီးနားက ကျေးရွာတွေကို လိုက်ပါနေထိုင်နေရတယ်လို့ လည်းသိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #မီးလောင်ဆုံးရှုံး #စားဝတ်နေရေးခက်ခဲ #အကူအညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10