ပုသိမ်ကြီးမှာ မိုင်းလာဖြုတ်တဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ ဟုဆို

ပုသိမ်ကြီးမှာ မိုင်းလာဖြုတ်တဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ ဟုဆို

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ဇွန်လ ၂၄ ရက် မနေ့မနက်က မိုင်းဖြုတ်ဖို့လာတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေကာ ၂ ဦး ခြေပြတ်ဒဏ်ရာတွေ ရရှိသွားတယ်လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) တာဝန်ရှိသူက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ ဘုတ်ကျေးရွာနားက ဆိုင်ကယ်ပြိုင်ပွဲကွင်းအနီးမှာ ထောင်ထားတဲ့မိုင်း ၂ လုံးကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ဦးလောက်နဲ့ လာဖြုတ်စဉ် မနက် ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ၂ ဦးခြေပြတ်သွားတယ်လို့ ဆိုပါတယ်။ 

"ခြေထောက်ပြတ်တဲ့ ၂ ကောင်လုံး ဗိုလ်အဆင့်ရှိတယ်လို့ မြေပြင်ကင်းထောက်တွေက ပို့လာတယ်။ ခြေထောက်ပြတ်တဲ့ကောင်တွေလည်း သေဖို့များတယ်" လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေး တပ်ဖွဲ့) တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ခြေပြတ်တဲ့စစ်သားတွေနဲ့ အလောင်းတွေကို ဆင်ပွတ်ကြီးရွာက ပျူစောထီးတွေက လူမှုကူညီရေးအသင်းကားနဲ့ သယ်ဆောင်သွားပေမယ့်ဘယ်ကိုသယ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရဘူးလို့ သူကဆက်ပြောပါတယ်။

မိုင်းဖြုတ်ဖို့လာတဲ့စစ်သားတွေရဲ့ထိခိုက်သေဆုံးမှုကို မြေလတ်အသံက သီးခြားအတည်ပြုချက်တော့ မရရှိသေး ပါဘူး။

တိုက်ခိုက်ခံအပြီး စစ်သားတွေဟာ အနီးဝန်းကျင်ကို စစ်ဆေးမှုတွေပြုလုပ်ကြသလို ဆင်ပွတ်ကြီးရွာ ပျူစောထီးတွေကလည်း ရွာသားတွေကိုသွေးလှူဖို့ တအိမ်တက်ဆင်းလိုက်လံပြောဆိုကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)မှ ရဲဘော်တွေ အန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်ကလည်း နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့)ဟာ မဟာမိတ်တွေနဲ့ပေါင်းပြီး မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ် နန်းရှေ့အနီး ၁၉ လမ်းမကြီးပေါ်က အမှတ် ၁ ရဲစခန်းကို ၄၀ မမနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ပုသိမ်ကြီးမြို့နယ် #မိုင်းလာဖြုတ် #မိုင်းဆွဲခံရ #စစ်ကောင်စီ #နတ်ဆိုး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10