ပုံညာတောင်တန်းက စစ်ရှောင်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ပေး

ပုံညာတောင်တန်းက စစ်ရှောင်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ပေး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အနောက်ခြမ်းရှိ ပုံညာတောင်တန်းစစ်ရှောင်စခန်းက ကလေးတွေ အတွက် Save for Yaw မှ မတည်ငွေအပြင် အခြားအလှူရှင်တွေရဲ့လှူဒါန်းငွေတွေနဲ့ စာသင်ကျောင်း ဆောက်လုပ်ပေးခဲ့တယ်လို့ ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ KG ကနေ Grade 9 အထိ ကျောင်းသားဦးရေ ၂၀ ဝန်းကျင်ရှိကာ စာသင်ကျောင်း တည်ဆောက်ဖို့အတွက် အချိန် ၁ လဝန်းကျင်ကြာခဲ့ပြီး ကုန်ကျစရိတ် ၄၁ သိန်းလောက်ကျခဲ့တယ်လို့ ဆိုပါတယ်။ 

“ထီးလင်းမြို့နယ်ထဲမှာတော့ စာသင်ကျောင်းက အသစ်ဆောက်လုပ်တာဆိုလို့ ဒီစစ်ဘေးရှောင်စခန်းမှာ ဆောက်လုပ်တဲ့ ကျောင်းတကျောင်းပဲရှိပါတယ်။ ကျန်တာတွေကကျတော့ နဂိုရှိပြီးသား စာသင်ကျောင်းတွေကို ပအဖ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြုပြင်တာတွေကို တတ်နိုင်သမျှဝင်ကူကြပါတယ်။” လို့ ထီးလင်းမြို့နယ်အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စာသင်ကျောင်းကို ဇူလိုင် ၉ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုလက်ရှိမှာတော့ အဲ့ဒီစစ်ရှောင်စခန်းက ကလေးအားလုံးကို ကျောင်းဆရာ ၁ ဦးတည်းကပဲ စာသင်ပေးနေတယ်လို့ ဆိုပါတယ်။ 

စာသင်ကျောင်းဆောင် မဆောက်ခင်ကတော့ စစ်ရှောင်ကလေးတွေဟာ အပင်ရိပ်အောက်တွေမှာ ဖျာခင်းပြီး သင်ရသလို အတန်းအလိုက်ခွဲပြီး စစ်ရှောင်တဲတွေပေါ်မှာစာသင်ခဲ့ရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

ပုံညာတောင်တန်းစစ်ရှောင်စခန်းမှာ စုစုပေါင်းလူဦးရေ ၅၀ ဝန်းကျင်ရှိပြီး စစ်ရှောင်နေတာဟာ ၂ နှစ် ဝန်းကျင်လောက်ရှိပြီ ဖြစ်ပါတယ်။ 

စားနပ်ရိက္ခာအတွက်ကတော့ ကူညီထောက်ပံ့ပေးသူတွေလည်း ရှိသလို စစ်ရှောင်တွေကလည်း နီးစပ်ရာ ကျေးရွာတွေမှာ လယ်ယာလုပ်ငန်းအငှားလိုက်လုပ်ပြီး ကိုယ်တိုင်လည်း ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မိုးတွင်းကာလဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနဲ့ ရာသီတုပ်ကွေးတွေလည်း ဖြစ်နေပြီး ဆေးဝါးကတော့ လိုအပ်နေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ထီးလင်း #စစ်ရှောင် #စာသင်ကျောင်း #ဆောက်လုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10