ပုံတောင် Tiger PDF လက်နက်ထုတ်အဆောက်အဦကို ပြည်သူအကူအညီနဲ့ ပြန်တည်ဆောက်

ပုံတောင် Tiger PDF လက်နက်ထုတ်အဆောက်အဦကို ပြည်သူအကူအညီနဲ့ ပြန်တည်ဆောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာရှိတဲ့  ပုံတောင် Tiger PDF တပ်ဖွဲ့  လက်နက်ထုတ်အ‌ဆောက်အဦကို  ဒေသခံ ပြည်သူတွေရဲ့ အကူအညီနဲ့ ပြန်လည် ပြုပြင်ခဲ့ပြီး မေ ၁၁ ရက်က စတင်ကာ ထုတ်လုပ်ရေးတွေ ပြန်လည်လုပ် ကိုင်နေပြီလို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီအဆောက်အဦဟာ တော်လှန်‌ရေး စတင်ကတည်းက ဆောက်လုပ်ထားတာဖြစ်ပြီး သစ်သားတိုင်တွေနဲ့  ထန်းလက်မိုးတွေ ဆွေးမြေ့နေလို့ မေ ၉ ရက်က ပြန်လည် ပြုပြင်ခဲ့တာလို့ဆိုပါတယ်။ 

“မိုးတွင်းကာလရောက်သွားပြီဖြစ်လို့ ထုတ်လုပ်နေတဲ့ အချိန်မှာ မိုးမလုံရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ  ပျက်စီးသွားနိုင်လို့ ပြန်ပြုပြင် ရတာပါ။ လိုအပ်တဲ့ ထန်းလက်နဲ့ သစ်သားတိုင်တွေကိုတော့ ဒေသခံတွေဆီက  အလှူခံရတယ်။ အခု ပြင်ဆင်မှုဟာ သုံးနှစ်တာအတွင်း ပထမဆုံးအကြီးစား ပြင်ဆင်မှုပါ” လို့ ပုံတောင် Tiger PDF ရဲ့ တာဝန်ခံ ဗိုလ်စစ်မုန်းက ပြောပါတယ်။

ထန်းလက်ခုတ်ခ၊ ထန်းလက်နဲ့ သစ်သားတိုင်တွေ သယ်ယူခနဲ့ အခြားစရိတ်တွေအပါ ကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး အလျား ပေ ၄၀ နဲ့ အနံ ပေ ၂၀ ကျော်ခန့်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီစခန်းကနေ  ဒရုန်းဗုံးသီးတွေ၊ မိုင်းတွေ လက်နက်ငယ်မျိုးစုံ စတာတွေကို ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ဒရုန်းဗုံးသီးအရေအတွက် ၃,၅၀၀ ဝန်းကျင် ထုတ်လုပ်ခဲ့သလို လက်ရှိမှာလည်း ဒရုန်းဗုံးသီးတွေနဲ့ မိုင်းတွေ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

Tiger PDF တပ်ဖွဲ့ဟာ ဒေသခံမဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ပွဲတွေအတွက် ကမ်းလှမ်းလာပါက တိုက်ပွဲတွေကို ဦး‌ဆောင်တိုက်ခိုက်ပေးတာတွေရှိတယ်လို့လည်း တပ်ဖွဲ့ တာဝန်ခံဆီက သိရပါတယ်။

ပုံစာ - ပြန်လည်ပြုပြင်နေသည့် လက်နက်ထုတ် အဆောက်အဦ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ပုံတောင် #Tiger #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10