ပေါက်ခါင်းမှာ NLD ထောက်ခံသူ ၁ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီကချိပ်ပိတ်ပြီး ပစ္စည်းတွေ သိမ်းယူသွား

ပေါက်ခါင်းမှာ NLD ထောက်ခံသူ ၁ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီကချိပ်ပိတ်ပြီး ပစ္စည်းတွေ သိမ်းယူသွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က နေအိမ် ၁ အိမ်ကို စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက် ဒီနေ့မနက် ၇ နာရီလောက်က ချိပ်ပိတ်ကာ အခြားပိုင်ဆိုင်မှုတွေကိုလည်း သိမ်းယူသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊ ကျောင်းကုန်းရွာက NLD ထောက်ခံသူ (ပါတီဝင်မဟုတ်သူ) ရဲ့ နေအိမ်ကို ပေါက်ခေါင်းရဲတပ်ဖွဲ့က အင်အား ၁၂ ဦးနဲ့ လာရောက်ချိပ်ပိတ်ကာ ငှားရမ်းထားတဲ့ လုပ်ငန်းသုံးယာဉ်ငယ် ၁ စီး၊ စက်သုံးဆီအရောင်းပန့်၊ မြက်ရိတ်စက်၊ ဆိုလာ၊ ဘက်ထရီအိုးနဲ့ ထမင်းစားကျွန်းစားပွဲတို့ကို သိမ်းယူသွားတယ်လို့ ဆိုပါတယ်။ 

“ ဒါက ကြိုတင်သိပြီးသားပါ။ ဘာမှမဖြစ်ပါဘူး။ သူတို့(စစ်တပ်) လုပ်နေကျ အလုပ်ပဲ။ ပိုပြီးခွန်အားဖြစ်ပါတယ်။ အစကတော့ယိမ်းယိုင်ရင် ယိမ်းယိုင်နေအုံးမယ်။ ခုမှတော့ လမ်းကြောင်းက တကြောင်းတည်းပဲ ရှိတော့တယ်" လို့ သိမ်းယူခံရသူက ပြောပါတယ်။

သိမ်းယူခံရသူရဲ့ အစ်မနဲ့ ယောက်ဖဖြစ်သူကိုလည်း စက်တင်ဘာ ၁၇ ရက်မှာ ရဲစခန်းလာဖို့ ခေါ်ထားပြီး ဘာကြောင့်ခေါ်ယူထားတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီအိမ်ကို စစ်အုပ်စုက အင်အား ၅၀ လောက်နဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နဲ့ စက်တင်ဘာ ၈ ရက်တွေ ကလည်း လာရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ပေါက်ခေါင်းမြို့ဟာ ပဲခူးရိုးမအစပ်မှာတည်ရှိတဲ့ မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကစကာ ရိုးပေါ်က ဈေးလာဝယ်သူတွေကို ကား ၁ စီးမှာ ဆန် ၃ အိတ်သာ ဝယ်ခိုင်းတာ ဝယ်ယူသူတွေရဲ့ ဖုန်းနံပါတ်တွေကို ဆန်ရောင်းချသူတွေဆီက တောင်းယူကာ လေ့လာစောင့်ကြည့်တာတွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကတော့ ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက် ဒုစက်ရုံမှူး ဗိုလ်ကြီးဟောင်းသန်းဝင်းကို ပြည်ခရိုင်တပ်ရင်း ၃၈၀၂ က သေနတ်ပစ်သတ်မှု ဖြစ်ခဲ့ပါသေးတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #NLD #ချိပ်ပိတ် #ပေါက်ခေါင်းမြို့နယ် #ပဲခူးရိုးမ #ဒေသခံ #စစ်ကောင်စီ #ဖမ်းဆီးစစ်ဆေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10