ပေါက်ခေါင်းက PDF ရှေ့တန်းစခန်းငယ်တခု တိုက်ခိုက်ခံရ

ပေါက်ခေါင်းက PDF ရှေ့တန်းစခန်းငယ်တခု တိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြိုနယ်အတွင်း PDF ရှေ့တန်းစခန်းငယ်တခု တိုက်ခိုက်ခံရတာကြောင့် လက်နက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ရဲ့ တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ရဲ့ ရှေ့တန်းစခန်းငယ်တခုကို မတ် ၂၅ ရက်မှာ စစ်ကောင်စီဘက်က အလစ်ဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“မပြောချင်တော့ဘူးဗျာ။ အလစ်အငိုက်ကို မိုင်းကွင်းတွေပါ ကျော်လာတာ။ လက်ရှိ စခန်းငယ် ချထားတဲ့ နေရာကိုပါ။ (သိမ်းခံရတဲ့) လက်နက်စာရင်းကတော့ အတည်မပြုရသေးဘူး။ ဒဏ်ရာရရှိသူ နှစ်ဦးလည်းရှိတယ်” လို့ ၃၆၀၂ ရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဝင်တိုက်ချိန်မှာ ကာကွယ်ရေးရဲဘော် ၂ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကျန်ရဲဘော်တွေ အထိခိုက်မရှိလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒေသခံတဦးကတော့ မတ် ၂၅ ရက် မနက်အစောပိုင်းက ပေါက်ခေါင်းမြို့နယ်၊ အင်တိုင်းကုန်းရွာ ဘုန်းကြီးကျောင်းကိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို  PDF က တိုက်ခိုက်မှုရှိခဲ့ကြောင်းနဲ့  မွန်းလွဲပိုင်းအရောက်မှာ အဲဒီစစ်ကြောင်းဟာ ပဲခူးရိုးမထဲကို ဝင်ရောက်သွားတယ်ဆိုတဲ့ သတင်း ပြန်ကြားရတယ်လို့ ဆိုပါတယ်။

လက်နက်ပစ္စည်းတွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး ပြည်ခရိုင် တပ်ရင်း ၃၆၀၂ PDF တပ်ရင်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ 

စစ်တပ်ထောက်ခံ တယ်လီဂရမ်မှာတော့ ပေါက်ခေါင်းမြို့နယ်အတွင်းမှာ မတ် ၂၅ ရက်က PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Ak 47 သေနတ်၊ M 16 သေနတ်၊ M 416 ကာဘိုင်၊ လက်လုပ် ၄၀ မမနဲ့ လက်လုပ် ၁၂ ဗို့အပါ စုစုပေါင်း ၅ လက်၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်မျိုးစုံ ၁၀၅ တောင့်၊ လက်လုပ်မိုင်း ၇ လုံး၊ PDF ဘက်တံဆိပ်ပါဝတ်စုံ ၁၀ စုံ၊ ပျောက်ကျားဦးထုပ် ၂ လုံး၊ စကားပြောစက် ၁ လုံး၊ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပုံစာ - စစ်ကောင်စီတယ်လီဂရမ်တွင် ဖော်ပြထားသည့် စစ်လက်နက်ပစ္စည်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #PDFစခန်း #တိုက်ခိုက်ခံရ #လက်နက်သိမ်းဆည်းခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10