ပေါက်ခေါင်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက်မှုရှိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်ရာက နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ ၃၆၀၁ PPDF တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ အောင်သပြေရွာကနေ ပေါင်းတည်မြို့နယ်ဘက်ကို တပ်ပြန်ဆုတ်လာတဲ့ အင်အား ၃၀ ဦး ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ရွာရဲ့ အနောက်မြောက်ဘက် တောင်ကြောက ဝါးရုံတောတန်းထဲမှာ မတ် ၁ ရက် ညနေက ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။       

အဲဒီတိုက်ခိုက်မှုမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ PPDF တပ်ရင်း စစ်ကြောင်း၊ ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ စစ်ကြောင်း၊ ရွှေတောင်နဲ့ ပေါက်ခေါင်းပကဖတွေ ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီးငယ်တွေနဲ့ တနာရီဝန်းကျင် နှစ်ဘက်ပြန်လှန်ပစ်ခတ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၁ PPDF တပ်ရင်း၊ ဧရာညီနောင်စစ်ကြောင်းက ရဲဘော်တဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖေါ်ဝါရီ ၂၇ ရက်က ပေါက်ခေါင်းမြို့နယ်၊ ဖလန်ပင်ရွာကနေ အောင်သပြေရွာကို ရောက်ရှိလာတာဖြစ်ပြီး မတ် ၁ ရက်ညက ဘန့်ဘွေးကန်ရွာကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။

မတ် ၃ ရက် ဒီမနက်မှာ ဘန့်ဘွေးကန်ရွာက စစ်ကောင်စီစစ်ကြောင်းကို ကူဖို့ သိမ်ကုန်းရွာအထိုင်ကနေ ထွက်လာတဲ့ အင်အား ၂၀ ဦးလောက်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အလယ်ရွာအထွက်ကနေ မိုင်းဆွဲခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရသေးဘူးလို့လည်း ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးရွာအနီးမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး PDF ရဲဘော်တဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက်ခေါင်း #ထိတွေ့တိုက်ပွဲ #စစ်ကောင်စီ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10