ပေါက်ခေါင်းမှာ နှမ်းခြွေနေတဲ့ အမျိုးသားကို စစ်တပ်က ခေါင်းကိုပစ်သတ်

ပေါက်ခေါင်းမှာ နှမ်းခြွေနေတဲ့ အမျိုးသားကို စစ်တပ်က ခေါင်းကိုပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်အစပ်အနီးမှာ စက်တင်ဘာ ၂၁ ရက် မနေ့ညနေပိုင်းမှာ ယာခင်းထဲ နှမ်းခါ(နှမ်းခြွေ)နေတဲ့ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

သေဆုံးသွားတဲ့အမျိုးသားဟာ ကြံ့ခိုင်ရေးပါတီဝင် အများစုနေထိုင်တဲ့ ဒိုးနွယ်ရွာက အသက် ၅၀ နှစ်အရွယ် ဦးမြအုန်းဖြစ်ပြီး ယာခင်းထဲ နှမ်းခြွေနေတဲ့အချိန်မှာ စစ်တပ်က ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်သွားတာလို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထောက်လှမ်းရေး တာဝန်ခံက ပြောပါတယ်။  

သက်သက်မဲ့ဦးခေါင်းကို သေနတ်တေ့ပြီး ပစ်သတ်သွားတာ။ ဦးမြအုန်းက ရှေ့ဆုံးကပွိုင့်ကို သခွားသီးတောင် ကျွေးလိုက်သေးတာ။ စခတွေရဲ့ နောက်ပွိုင့်ကကောင်တွေ သတ်သွားတာဖြစ်ဖို့ များတယ်" လို့ သတင်းထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။ 

အဲဒီစစ်ကြောင်းဟာ အင်အား ၂၇ ဦးကို  ပွိုင့် ၃ ပွိုင့်ခွဲလာတာဖြစ်ပြီး စစ်သား  ၁၂ ယောက်ခန့်ရှိတဲ့ အလယ်ပွိုင့်ကို ဒေသကာကွယ်ရေးတပ်တွေက ပေါက်ခေါင်းမြို့နယ်၊ တောင်လတ်ကြီးအုပ်စု၊ ဒိုးနွယ်ရွာတောင်ဘက် ပန်းတင် နယ်ခြား နတ်စင်နားမှာ ရှေ့ထွက်မိုင်း ၁ လုံး၊ ပတ်လည်မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုကို စက်တင်ဘာ ၂၁ ရက် မနေ့ညနေ ၃ နာရီခွဲကျော်မှာ ပေါင်းတည်မြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့  ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။  

အဲ့ဒီစစ်ကြောင်းဟာ ပေါင်းတည်မြို့နယ်ကျောက်ကြီးတောင်မှာ တပ်စွဲထားတာဖြစ်ပြီး တိမ်းရှောင်နေတဲ့ ပြည်သူ့နေအိမ်က ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ခိုးယူတာတွေလည်း လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ 

တွေ့သမျှပစ္စည်းယူရုံတင်မကဘူး၊ ဈေးဆိုင်က ပေါင်မုန့်တွေကို တခုချင်းစီကို တကိုက်စီပဲကိုက်ပြီး စားသွားတယ်။ ပြီးတော့အိမ်ပေါ်တွေမှာ သေးပေါက်သွားသေးတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။  

စစ်ကြောင်းဟာ စက်တင်ဘာ ၂၁ ရက် မနေ့ညနေအထိ တိုက်ခိုက်ခံရတဲ့အနားမှာပဲရှိနေပြီး အခု မနက်အစောပိုင်းမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ပေါင်းတည်မြို့နယ် မှတ်တိုင်ကျေးရွာဘက်ကို ကားနဲ့သယ်သွားပြီး ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရဘူးလို့ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းက ပေါင်းတည်မြို့နယ်၊ မရိုးကျွန်းရွာအနီးကို ရောက်ရှိနေသလို ဘယ်ကိုဆက်ထွက်မယ်ဆိုတာကို မသိရဘူးလို့ပါတယ်။ 

ပြီးခဲ့တဲ့စက်တင်ဘာ ၁၆ ရက်နေ့လယ်ကလည်း ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်ကိုစောင့်နေတဲ့ အင်အား ၂၈ ဦးပါ စစ်ကြောင်းဟာ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာချိန် လျော်ဖြူချောင်းအနီးက နေ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း ၈ လုံးနဲ့တိုက်ခိုက်ခဲ့လို့  စစ်သား ၂ ဦးသေကာ ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်း။ (ပုံဟောင်း)

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #ပေါက်ခေါင်း #ပေါင်းတည် #စစ်ကောင်စီ #ပစ်သတ် # PPDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10