ပေါက်ခေါင်းမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

ပေါက်ခေါင်းမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်းမွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ စစ်တပ်နဲ့ပူးပေါင်းပြီး ဒေသခံတွေကိုဖမ်းဆီးနေတဲ့ အမျိုးသား ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီက သိရပါတယ်။ 

သေဆုံးသူဟာ နတ္တလင်းကျေးရွာက အသက် ၆၂ နှစ်ဝန်းကျင် ကိုခင်စိုး ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် မနေ့ညနေ ၄ နာရီခွဲလောက်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁၊ PPDF တပ်ရင်း၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်တွေက သူရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ခင်စိုးက အိမ်မှာတယောက်ထဲရှိနေတုန်း ဝင်ပစ်တာ၊ ပြန်ပြီးမခုခံနိုင်ဘူး။ ခေါင်းကို ၂ ချက်ထိပြီး နေရာမှာသေတာ။”လို့  ၃၆၀၁ PPDF တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ည ၇ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရောက်လာပြီး ကျေးရွာအတွင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကာ ဖမ်းဆီးတာတွေတော့မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ကိုစိုးဝင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး စစ်သားသစ်စုဆောင်းပေးတာ၊ ပြည်သူတွေကို အဓမ္မပေါ်တာဆွဲရာမှာ အားတက်သရောပါဝင်တာ၊ အသက်မပြည့်သူတွေကိုလည်းဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းကာ စစ်ကောင်စီကိုပေးတာနဲ့ တော်လှန်ရေးထောက်ပို့တွေရဲ့သတင်းကို စုံစမ်းတာတွေ လုပ်တဲ့အတွက် အခုလိုအ‌ရေးယူခဲ့တာလို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ ကင်ပွန်းခြုံအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်းအောင် ကိုလည်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၃ က သူ့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ပစ်သတ် #သေဆုံး #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10