ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းတဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းတဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်မှုထမ်းစစ်သားစုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်အုပ်စု။ အိုင်စောက်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ကိုတင်လွင်ကို  ဩဂုတ် ၁၅ ရက် ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့နေအိမ်မှာ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၃ က သေနတ်နဲ့ပစ်ခဲ့လို့  ဦးခေါင်းနှင့် ရင်ဘတ်ကို ထိမှန်သေဆုံးတာလို့ ဆိုပါတယ်။ 

“သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့တာ ပွဲချင်းပြီးပါ။ ပြန်ပြီးခုခံချိန်တောင် မရပါဘူး။” လို့ ၃၆၀၁ PPDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကိုတင်လွင်ဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းရာ စစ်သားတွေ၊ ရဲတွေနဲ့ပေါင်းကာ အုပ်စုအတွင်းရှိ ပြည်သူတွေကို စစ်မှုထမ်းအဓမ္မစုဆောင်းတာနဲ့ စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုကာ ငွေကောက်ခံပေးနေသူဖြစ်လို့ အရေးယူခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်ရှိတဲ့ ပြည်ခရိုင်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း အချိန်မီနုတ်ထွက်ကြဖို့  ထုတ်ပြန်ချက်မှာ ရေးသားထားပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုမောင်ဝင်းကိုလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။     

ပုံစာ - သေနတ်နဲ့ ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးကိုတင်လွင်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါက်ခေါင်းမြို့ #စစ်မှုထမ်း #စစ်သားစုဆောင်း #အုပ်ချုပ်ရေးမှူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10