ပေါက်ခေါင်းမှာ တပတ်အတွင်း လူငယ် ၈ ဦး အဓမ္မဖမ်းဆီးခံရ

ပေါက်ခေါင်းမှာ တပတ်အတွင်း လူငယ် ၈ ဦး အဓမ္မဖမ်းဆီးခံရ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီက တပတ်အတွင်း လူငယ် ၈ ဦးကို အဓမ္မဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ခေါင်းမြို့၊ အမှတ် ၃ ရပ်ကွက်သားတွေဖြစ်တဲ့ ကိုအာနိုးနဲ့ ကိုပိတ်ဆို့ တို့ကို ဇူလိုင် ၁၆ ရက်ဝန်းကျင်မှာ ဖမ်းဆီးခဲ့ပြီး အသက် ၃၀ နှစ်အရွယ် ကိုအာတူကိုတော့ ဇူလိုင် ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာပါ။ 

ဒါ့အပြင် ဇူလိုင် ၁၆ ရက်ဝန်းကျင်မှာပဲ ပေါက်ခေါင်းမြို့ နယ်၊ တောင်လည်ရွာ-ပေါက်ခေါင်း-ပြည်မြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်ကားပေါ်က ယာဥ်နောက်လိုက်အပါအဝင် လူငယ်အမျိုးသား ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။  

ကိုအာတူနဲ့ ကိုပိတ်ဆို့တို့ကို သူတို့နေအိမ်တွေကနေ ဖမ်းဆီခဲ့တာဖြစ်ပြီး ကိုအာနိုးနဲ့ ကားပေါ်ပါ သူတွေကိုတော့ ပေါက်ခေါင်းမြို့အနောက်ဘက် စစ်ကောင်စီဂိတ်(ဒေသအခေါ်ဝါးတားဂိတ်)မှာ  ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။  

“အမှတ် ၃ ရပ်ကွက်ထဲကတင် သုံးယောက်ပေါ့ဗျာ၊ အာနိုးကတော့ ပေါက်ခေါင်းကနေ ပေါင်းတလည် မြို့ဘက်ကို ဆိုင်ကယ်နဲ့ ‌ဈေးရောင်းသွားတာမှာ ဖမ်းခံလိုက်ရတာ၊ ပိုဆိုးတာက ကျောက်ကပ် တလုံး ထုတ်ထားတဲ့ ပိတ်ဆို့ကိုပါဖမ်းတာ၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နုတ်ထွက်ယောင်ပြပြီး  စာရင်းပါသူတွေရော မပါသူတွေရော ဖုန်းနဲ့စီစဉ်ပြီး ဖမ်းခိုင်းနေတာ”လို့  အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုအာနိုးနဲ့ ကိုပိတ်ဆို့တို့ရဲ့အကိုဖြစ်သူတွေဟာ စစ်မှုထမ်းဖို့စာရင်းမှာပါသူတွေဖြစ်ကာ စစ်ကောင်စီအဖွဲ့တွေက လာခေါ်ချိန် ကိုအာနိုးရဲ့အကိုက စိတ်ကျန်းမာရေးမကောင်းတဲ့အတွက် အကိုဖြစ်သူအစား ကိုအာနိုးကိုဖမ်းပြီး၊ ကိုပိတ်ဆို့ရဲ့အကို ကို လာခေါ်ချိန်မှာတော့ နေအိမ်မှာမရှိတဲ့အတွက် ကိုပိတ်ဆို့ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူ ၈ ဦးစလုံးဟာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပြီး ဇူလိုင်လ ၂၃ ရက် ဒီနေ့အထိ ပြန်လွတ်မလာကြသေးသလို သူတို့ကို ဘယ်မှာဖမ်းဆီးထားတယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ 

နောက်ထပ်မြို့ခံတဦးကလည်း ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ဆိုကာ နေ့ရောညပါ ဖမ်းဆီးနေတာ နှစ်လဝန်းကျင်ခန့်ရှိပြီး ခုလိုဖမ်းဆီးတာကလည်း စစ်မှုထမ်းဖို့ ခေါ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ကြားတာက ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်မှုထမ်းဖို့ လူငယ် ၅၀ ကျော်ပေးရမယ်လို့ သတင်းထွက်တယ်၊ ပြီးခဲ့တဲ့ ဇွန်လကလည်း တလလုံးဖမ်းနေတာပဲ။ အခုလည်းဖမ်းနေတာ၊ လူငယ်တွေလည်း ရှောင်တိမ်းနေကြရတာ၊ အသက် ၄၀ ကျော်တွေလည်းအဖမ်းခံရတာရှိတယ်” လို့  ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာဖြစ်ပြီး မကြာခဏ စစ်ဆေးမှုတွေလုပ်တဲ့အပြင် စစ်မှုထမ်းဖို့အတွက်လည်း အဓမ္မလူဖမ်းတာတွေ လုပ်နေပြီး၊ ပဲခူးရိုးမ တောင်ခြေကကျေးရွာတွေနဲ့လည်း စားသောက်ကုန် ရောင်းချဝယ်ယူခွင့် ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။ 

ပုံစာ - ပြည်မြို့မှ စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပေါက်ခေါင်း #စစ်ကောင်စီ #ဖမ်းဆီး #လူငယ် #စစ်မှုထမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10