ပေါက်ခေါင်းမှာ တပ်ပြန်ဆုတ်တဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး

ပေါက်ခေါင်းမှာ တပ်ပြန်ဆုတ်တဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ အောင်သပြေရွာကို ဝင်ရောက်တပ်စွဲပြီးနောက် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာက နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး PDF တဦးပြင်းထန်ဒဏ်ရာရသလို စစ်သားတွေလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ ၃၆၀၁ PPDF တပ်ရင်း တာဝန်ရှိသူဆီက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၃၀ ဦးလောက်ပါဝင်ပြီး မတ် ၁ ရက် ညနေ ၅ နာရီလောက်မှာ ရွာကပြန်ဆုတ်ချိန် အောင်သပြေရွာအနောက်မြောက်ဘက်ရှိ ဝါးရုံတောထဲ အရောက်မှာ ဒေသခံ PDF ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စကစ စစ်ကြောင်းက တောင်ပေါ်ကနေ တောင်အောက်ကိုဆင်းတာကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ  ဝိုင်းဆော်တာမှာ ဒီကောင်‌တွေ အထိနာသွားတာ။ သူတို့ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်စမှန်လို့ ကျနော်တို့ ဧရာညီနောင်စစ်ကြောင်းက တပ်ဖွဲ့ဝင်တဦး လက်မောင်းပြင်းထန်ဒဏ်ရာရသွားတယ် “လို့  ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းစစ်ကြောင်း၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ ၊ ရွှေတောင်နဲ့ ပေါက်ခေါင်း ပကဖတို့ ပူးပေါင်းခဲ့တာဖြစ်ပြီး နှစ်ဘက်တိုက်ခိုက်မှု ၁ နာရီလောက်ကြာမြင့်တယ်လို့ ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်သား ၂ ဦးသေကာ ၃ ဦး ဒဏ်ရာရရှိတယ်လို့ ၃၆၀၁ PPDF တပ်ရင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖေါ်ဝါရီ ၂၇ ရက်က ပေါက်ခေါင်းမြို့နယ်၊ ဖလံပင်ရွာကနေ အောင်သပြေရွာကို ရောက်ရှိလာတာဖြစ်ပြီး လက်ရှိမှာနယ်မြေထိစပ်တဲ့ ပေါင်းတည်မြို့နယ်၊ ဘန့်ဘွေးကန်ရွာမှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၂၈ ရက်ကလည်း အဲဒီစစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ  ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စုထဲမှာတိုက်ခိုက်ကြရင်း နှစ်ဘက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ပြည်ခရိုင်က PDF ရဲဘော်များ။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #စစ်ကောင်စီ #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10