သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ ကျွဲဘောင်ဘင်အုပ်စု၊ ကျွဲဘောင်ဘင်ကျေးရွာက ပြည်သူ့စစ်သင်တန်းဆင်းအမျိုးသားတဦးကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းကပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ PPDF က သတင်းထုတ်ပြန်ထားပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၅၃ နှစ်အရွယ် ကိုဝင်းကျော်ဖြစ်ပြီး ပေါက်ခေါင်းမြို့နယ် တောတွင်းတနေရာမှာ သေနတ်နဲ့ပစ်ခဲ့တာလို့ ဆိုပါတယ်။
“တောထဲမှာ ကျနော်တို့စခန်းနားထိလာပြီး သတင်းယူနေလို့ သေနတ်နဲ့ပစ်သတ်ခဲ့တာ။ ကိုယ့်စခန်းနား ဆိုတော့ ကိုယ်ပဲမြေမြှုပ်လိုက်ရတယ်။“ လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။
ကိုဝင်းကျော်ဟာ ပေါက်ခေါင်းမြို့၊ အုပ်ပုံရွာအခြေစိုက် ခလရ ၅၃ တပ်ထဲမှာ အပတ်စဥ် ၁ ပြည်သူ့စစ် သင်တန်း ၃ လကြာတက်ရောက်ထားသူဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ ၁ လကိုထောက်ပံ့လစာ ၂ သိန်းကျပ်ရရှိထားသူဖြစ်တယ်လို့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ PPDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ကိုဝင်းကျော်ဟာ ခလရ ၅၃ တပ်ကို PDF သတင်းတွေပို့ပေးနေသူဖြစ်သလို PDF တွေကိုအရှင်ဖမ်းမိရင် ငါးခူးကိုဓါးနဲ့မွှန်းသလိုမွှန်းပြီးသတ်မယ်လို့ ရွာထဲမှာခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပစ်ခတ်ပြီးနောက် သူ့ဆီကနေ လက်ကိုင်ဖုန်း၊ မှတ်ပုံတင်နဲ့ ပိုက်ဆံ ၇ သောင်းကျပ်ကို သိမ်းဆည်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့လယ်ပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ကိုသန်းအောင် ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားခဲ့ပါသေးတယ်။
ပုံစာ - ကိုဝင်းကျော်ဆီက သိမ်းဆည်းခဲ့သည့် ပစ္စည်းတချို့။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါက်ခေါင်း #ပြည်သူ့စစ်သင်တန်းဆင်း #ပစ်သတ်ခံရ
Share Share Share