ပေါက်နယ်က NUG လက်အောက်ခံ စာသင်ကျောင်းမှာ ပုံနှိပ်နဲ့ ဗလာစာအုပ်တွေလိုအပ်နေ

ပေါက်နယ်က NUG လက်အောက်ခံ စာသင်ကျောင်းမှာ ပုံနှိပ်နဲ့ ဗလာစာအုပ်တွေလိုအပ်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နယ်မြောက်ပိုင်းရှိ အလယ်တန်းကျောင်းတကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆီက သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပြည်သူ့အခြေပြု ပညာရေးကျောင်းမှာ နိုဝင်ဘာလ ၅ ရက်နေ့ကစပြီး ကျောင်းပြန်လည်ဖွင့်ထားရာ စာပေသင်ကြားနေတဲ့ ကလေးငယ်တွေအတွက် သင်ထောက်ကူပစ္စည်းတွေ လို အပ်နေပါတယ်လို့ ဆိုပါတယ်။

"ကလေးတွေမှာ ဖတ်စာအုပ်နဲ့ ဗလာစာအုပ်တွေ မပြည့်စုံကြပါဘူး။ လွယ်အိတ်၊ အဝတ်အစားကအစ ချို့တဲ့ပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီပေးစေချင်ပါတယ်" လို့ ကျောင်းတာဝန်ခံ ဆရာစောလထူးက မြေလတ်အသံကိုပြောပါတယ်။


အဲဒီကျောင်းမှာ ကြားကာလပညာသင်ကြားနေကြတဲ့ ကျောင်သားကျောင်းသူတွေမှာ ပေါက်မြို့နယ်ကသာ မဟုတ်ဘဲ တခြားနယ်မှဆွေမျိုးမိဘထံလာနေချိန် နေရပ်မပြန်ဖြစ်တဲ့ ကလေးတချို့လည်း တက်ရောက်နေကြပြီး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကြားကာလ ပြည်သူ့အခြေပြုပညာရေးကျောင်းဖွင့်လှစ်သင်ကြားနေတာဟာ ၂ နှစ်ရှိပြီဖြစ်ရာ ပထမနှစ်ကို ၂၀၂၂ မတ်လမှ စက်တင်ဘာလအထိ သင်ကြားပေးခဲ့ပြီး ဒုတိယနှစ်ကိုလည်း ၂၀၂၃ မေလမှ စက်တင်ဘာလအထိ သင်ကြားပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်နယ်မြောက်ပိုင်း အလယ်တန်းကျောင်းမှာ အခုနိုဝင်ဘာ ၅ ရက်မှ ၂၀၂၄ မေလကုန်အထိ တတိယနှစ် ကြားကာလပညာရေးအဖြစ် ဆရာ၊ ဆရာမဦးရေ  ၂၀၀ ကျော်နဲ့ ကျောင်းသားကျောင်းသူ ဦးရေ ၁,၀၀၀ ကျော်ကို စာပေပညာရပ်တွေသင်ကြားပေးနေတယ်လို့ သိရပါတယ်။

ပုံစာ - နိုဝင်ဘာလ ၅ ရက်မှစပြီး ကြားကာလ တတိယနှစ်ပညာသင်ကြားနေကြစဥ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့နယ် #အလယ်တန်းကျောင်း #ပုံနှိပ်စာအုပ် #ဗလာစာအုပ် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10