ပေါက်နယ်က ပျူစောထီးကင်းတဲ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးဟုဆို

ပေါက်နယ်က ပျူစောထီးကင်းတဲ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သစ်ချိုကုန်းရွာပြင်မှာရှိတဲ့ ပျူစောထီးကင်းတဲကို ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ပေါက်တောင်ပိုင်းကျီးကန်းအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီကင်းတဲမှာ ပျူစောထီးတပ်ဖွဲ့ဝင် ၈ ဦးကင်းစောင့်နေချိန် ကာကွယ်ရေးအဖွဲ့က စနိုက်ပါနဲ့ အရင်သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး ပျူစောထီးဘက်က ၁ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ကင်းတဲမှာ လက်နက်ကိုင်ထားတဲ့သူက ၅ ယောက် လက်နက်မပါတဲ့သူက ၃ ယောက်ပါ။ အဲ့ဒီ ကင်းတဲကို သူတို့ဆောက်လုပ်ထားတာ ၂ လကျော်ကျော်လောက်ရှိပြီ ။ သူတို့ဘက်ကလည်း ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ လက်နက်ကြီးတွေတော့ မပါဘူး။ သေဆုံးတာကိုတော့ အတွင်းသတင်းအရင်းအမြစ်က သိရတာပါ ” လို့ ပေါက်တောင်ပိုင်းကျီးကန်းအဖွဲ့ တာဝန်ခံကိုကျီးကန်းက ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ ပျူစောထီးတပ်ဖွဲ့ အင်အား ၂၀ ကျော်ဟာ ကင်းတဲနဲ့ မီတာ ၈၀၀ လောက်မှာရှိတဲ့ သပြေအေးကျေးရွာ တောတဲက နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

ဒီနေ့ သြဂုတ် ၅ ရက် မနက်မှာလည်း ကင်းတဲကပျူစောထီးတပ်ဖွဲ့တွေဟာ သပြေအေးကျေးရွာဘက်ကို လက်နက်ငယ်တွေ နဲ့ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

“ ဒီနေ့မနက်ပိုင်းလောက်မှာလည်း သပြေအေးရွာဘက်ကို လက်နက်ငယ်တွေနဲ့ ပစ်နေတယ်။ မနေ့က ကျနော်တို့သွားပစ်ခဲ့တဲ့ နေရာကိုပေါ့။ သပြေအေးရွာထဲမှာလည်း ရွာသူရွာသားတွေ မရှိတော့ဘူး ထွက်ပြေးနေတာ သုံးလလောက်ရှိပြီ” လို့ ကိုကျီးကန်းက ဆက်ပြောပါတယ်။

ပေါက်တောင်ပိုင်းကျီးကန်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ တပ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီ ၆ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

ပုံစာ - ပစ်ခတ်ခံခဲ့ရသည့် ပျူစောထီး ကင်းတဲ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ပေါက် #ပျူစောထီး #စစ်ကောင်စီ #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10