ပေါက်နယ်မှာ ကွမ်းခြံတွေ ရေမြုပ်ပျက်စီးပြီး ကွမ်းစျေးခေါက်ချိုးမြင့်တက်

ပေါက်နယ်မှာ ကွမ်းခြံတွေ ရေမြုပ်ပျက်စီးပြီး ကွမ်းစျေးခေါက်ချိုးမြင့်တက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ မိုးများပြီး ကွမ်းခြံတွေရေနစ်မြုပ်ပျက်စီးခဲ့လို့ ကွမ်းရွက်ဈေးမှာ မူလဈေးထက် ခေါက်ချိုးမြင့်တက်သွားတယ်လို့ ပေါက်မြို့နယ်က ကွမ်းစိုက်တောင်သူတွေထံကသိရပါတယ်။

မုန်တိုင်းမကျခင်အချိန်က ကွမ်းနုဝါ တပိဿာကို ၇,၀၀၀ ကျပ် - ၈,၀၀၀ ကျပ် ဈေးပေါက်ပြီး အခုအခါမှာတော့ ကွမ်းရွက် တပိသာကို ၁၅,၀၀၀-၁၆,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။

ပေါက်မြို့နယ်ကျေးရွာတချို့မှာ ကွမ်းရွက်ကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြရာမှာ ဒေသခံကွမ်းစိုက်တောင်သူတွေအနေနဲ့ မုန်တိုင်းမကျခင်အချိန်လေးမှာသာ ကွမ်းရွက်တချို့ကို ခူးပြီးရောင်းခဲ့ရသေးတယ်လို့ ဆိုပါတယ်။

"ရေဝင်တာများတော့ ကွမ်းခြံတွေပျက်ကုန်တာပေါ့။ ကွမ်းလဲရောင်းစရာမရှိတော့ဘူး။ အခုတပိဿာတသောင်းကျော်ရှိတယ်" လို့ ပေါက်မြို့နယ်က ကွမ်းစိုက်တောင်သူတဦးက ပြောပါတယ်။

"(ကွမ်းရွက်တွေက)ရေနောက်တာ မကြိုက်ဘူး။ ပိုးကတော့ မြစ်ပိုးကျတတ်တယ်။ ရောဂါကျလို့ ပျက်စီးတဲ့ခြံတွေလည်းရှိတယ်" လို့ ကွမ်းစိုက်တောင်တဦးက ပြောပါတယ်။

ပေါက်မြို့နယ်အတွင်းက ရှားပင်ရေရွာ၊ ခွေအတွင်းရွာ၊ ခင်ရှည်ရွာ၊ ချောင်းနားရွာ၊ ၀က်မှီးရွာ၊ ရေကျော်ရွာနဲ့ သဲတောရွာတွေက ကွမ်းနုဝါမျိုးစိုက်ပျိုးတဲ့တောင်သူတွေမှာ မုန်တိုင်းတိုက်ခတ်ချိန်က ရေကြီးရေလျှံလို့ ကွမ်းခြံတွေ ရေမြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။

အိမ်ခြေ ၅၄၁ အိမ်ရှိတဲ့ ရှားပင်ရေရွာ တရွာမှာတင် ကွမ်းခြံ ၁၅၀ ကျော် စိုက်ပျိုးကြပြီး အဲ့ဒီရွာရဲ့ပတီးချောင်း ဘေးနားက ကွမ်းခြံ ၁၅ ခြံ၊ ရွာထဲမှာ ခြံ ၃၀ လောက်ပျက်စီးတယ်လို့ ဒေသခံတဦးက ခန့်မှန်းပြောပါတယ်။

ကွမ်းရွက်မှာ စိုက်ပျိုးပြီး ၄ လလောက်အကြာမှ စခူးလို့ရပြီး ၁၅ ရက်ခြားတခါ ကွမ်းခူးလို့ရပါတယ်။  ကွမ်းပင်အရေအတွက်အလိုက် အထွက် ပုံမှန်မရှိဘဲ ပြုစုစောင့်ရှောက်တဲ့အပေါ်မူတည်ပြီး ကွမ်းထွက်တဲ့ ပိဿချိန်ကွာခြားနိုင်တယ်လို့ ကွမ်းစိုက်တောင်သူတွေက ရှင်းပြပါတယ်။ 

ခြံကထွက်တဲ့ ကွမ်းတွေကိုတော့ ဆိပ်ဖြူ၊ ကမ္မ၊ ချောက်၊ ပေါက်မြို့နယ်တွေကို အဓိကတင်ပို့ရောင်းချနေတာဖြစ် တယ်လို့ ဒေသခံကွမ်းစိုက်တောင်သူတွေက ဆိုပါတယ်။ 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပေါက်မြို့နယ်  #ကွမ်းခြံ #ရေနစ်မြုပ်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10