ပေါက်နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ရန်ပြုနေလို့ ဒေသခံတွေ စိုက်ပျိုးရေးကောင်းစွာလုပ်ခွင့်မရ

ပေါက်နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ရန်ပြုနေလို့ ဒေသခံတွေ စိုက်ပျိုးရေးကောင်းစွာလုပ်ခွင့်မရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ရန်ပြုခြိမ်းခြောက်တာတွေ လုပ်နေလို့ ဒေသခံတွေအနေနဲ့ စိုက်ပျိုးရေးကို ကောင်းစွာ လုပ်ခွင့်မရဘူးလို့ တောင်သူတွေက ပြောပါတယ်။

 

ပေါက်မြို့နယ် အဝင်အထွက်မှာ စစ်တပ်ဂိတ်တွေထားတာရှိသလို၊ ရဲစခန်းနဲ့ ပျူစောထီးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တာတွေရှိပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်လာရင် ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေလို့ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်ရာမှာ စိုးရိမ်ပူပန်နေကြတယ်လို့ ပေါက်အရှေ့ပိုင်း ခရမ်းချဥ်စိုက်တဲ့တောင်သူက ပြောပါတယ်။

 

"စစ်ကြောင်းဝင်လာရင်လည်းပြေးကြ ပြန်စိုက်ကြနဲ့ လုပ်နေရတယ်။ အထုပ်အပိုးတွေ အဆင်သင့် ပြင်ဆင်ထားရတယ်။ သူတို့ဝင်ချင်သလိုဝင်နေကြတာဆိုတော့ ရန်ပြုမှာစိုးရိမ်နေရတယ်" လို့ တောင်သူက ထပ်မံပြောပါတယ်။

 

စစ်ကြောင်းရွာထဲဝင်လာတဲ့အခါ စိုက်ပျိုး၊ ရိတ်သိမ်းရင်းလည်း ပြေးရတာမျိုးရှိသလို သီးနှံရိတ်သိမ်းချိန်မှာ စစ်သားနဲ့ပျူတွေလာရောက် ခူးယူရိတ်သိမ်းတာတွေလည်း ရှိနေတယ်လို့ ပေါက်တောင်ပိုင်း စပါးစိုက်ပျိုးတဲ့ တောင်သူအမျိုးသမီး ကမြေလတ်အသံကို ပြောပါတယ်။

 

"မနှစ်ကစိုက်ထားတဲ့ စပါးတွေဆို သုံးပုံတပုံလောက်ပဲသိမ်းရတယ်။ စိုက်တဲ့အချိန်၊ မြေဆီကျွေး၊ ရေသွင်း၊ ပေါင်းလိုက်နေရင် ဘာမှမလုပ်ဘူး။ ရိတ်သိမ်းခါနီးပြီဆိုရင်တော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တယ်။ ပြည်သူတွေ မလာနိုင်အောင်လုပ်ပြီး ရိတ်ကြတယ်" လို့ စပါးစိုက် တောင်သူအမျိုးသမီးက ပြောပါတယ်။

 

ခေတ်ကာလ ကောင်းတုန်းက မြို့ပေါ်ပွဲရုံတွေအထိ တင်ပို့ရောင်းချလို့လွယ်ကူပြီး၊ အခုစစ်ဘေးကာလမှာ ထွက်လာတဲ့သီးနှံကို မြို့တက်ရောင်းတဲ့အခါ စစ်ဆေးတာ၊ ပိုက်ဆံတောင်းတာအပြင် မသင်္ကာလို့ဖမ်းဆီးတာတွေရှိနေတော့ အနီးအနားက ခေါင်းရွက်စျေးသည်တွေကိုပဲ ဖောက်သယ်ပေးရတယ်လို့ ဆိုပါတယ်။

 

ပေါက်နယ်တောင်ပိုင်းမှာ သစ်ချိုကုန်းရွာ၊ တပ်ကုန်းရွာ၊ ဒီးဒုတ်ကွင်းရွာတွေက ပျူရွာတွေဖြစ်ကြပြီး၊ အိမ်တွေမီးရှို့ ၊ပြည်သူတွေကိုသတ်ဖြတ်ပြီး၊ ပစ္စည်းတွေလည်း ခိုးယူနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပျူစောထီးရန်ကို ကြောက်နေပေမယ့်လည်း ဝမ်းစာအတွက် မဖြစ်မနေ စိုက်ပျိုးရမှာဖြစ်လို့ အခုဇွန်လအတွင်းမှာ ပေါက်နယ်ကတောင်သူတွေအနေနဲ့ မိုးစပါးစတင်စိုက်ပျိုးဖို့ လုပ်ကိုင်နေကြသလို ခရမ်းချဥ်၊ မြေပဲ၊ ပဲစဥ်းငုံ၊ ကွမ်းခြံ တွေကိုလည်း စိုက်ပျိုးလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

 

ပုံစာ - ပေါက်ဒေသမှာ ဧပြီအစောပိုင်းကာလက နွေစပါးရိတ်သိမ်းနေကြပုံ

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ပေါက် #စိုက်ပျိုးရေး #စစ်ရှောင် #စစ်ကောင်စီ #ပျူစောထီး #ရန်ပြု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10