ပေါက်နယ်မှာ စစ်ကြောင်းရှောင်ရချိန်များပြီး မြေပဲခင်းတွေ ပြုစုချိန်မရလို့ အထွက်နှုန်းကျ

ပေါက်နယ်မှာ စစ်ကြောင်းရှောင်ရချိန်များပြီး မြေပဲခင်းတွေ ပြုစုချိန်မရလို့ အထွက်နှုန်းကျ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းဝင်လာချိန်တွေမှာ ဒေသခံတောင်သူတွေ မကြာခဏရှောင်တိမ်းနေရတာတွေရှိလို့ စိုက်ပျိုးထားတဲ့ မြေပဲခင်းတွေကို ပြုစုထိန်းသိမ်းချိန်မရလို့ အထွက်နှုန်းလျော့ကျနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

စစ်ကြောင်းဝင်လာတာနဲ့ တောင်သူတွေမှာ စိုက်ခင်းတွေပစ်ထားပြီး ဘေးလွတ်ရာရှောင်နေကြရသလို၊ ကျွဲ၊ နွား၊ တိရစ္တာန်တွေကိုလည်းဖြစ်သလိုထားခဲ့ရလို့ မြေပဲစိုက်ခင်းထဲမှာ တိရစ္ဆာန်တွေ စားသောက်လို့ပျက်စီးတာလည်းရှိပြီး၊ ပြုစုစောင့်ရှောက်ချိန်မရလို့ အထွက်နှုန်းလျော့ကျတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

"ပဲလေးမျိုးလို့ခေါ်တဲ့ ၃ လမြေပဲစိုက်တာပါ။ အထွက်နှုန်းက အရင်နှစ်လောက် မထွက်ကြဘူး။ ရာသီဥတုကောင်းပြန်တော့ စစ်ကြောင်းတွေဝင်လာလို့ အေးဆေးမလုပ်ရပါဘူး။ အခုမှနှုတ်နေကြတုန်းပါ။ အကုန်လုံးတော့ မပြီးကြသေးပါဘူး" လို့ တောင်သူအမျိုးသမီးက ပြောပါတယ်။

တောင်ယာမြေတွေမှာ မြေပဲဆံ ၁ တင်းစိုက်ပျိုးထားရာ ယခင်နှစ်က မြေပဲတင်း ၅၀ ခန့် ထွက်ပေမယ့်၊ ယခုနှစ်ကတင်း ၃၀ ကျော်လောက်ပဲထွက်ပြီး၊ အထွက်နှုန်းလျော့ကျတာဖြစ်လို့ အမြတ်မကျန်ဘဲ စားဝတ်နေရေးပိုင်းမှာ ခက်ခဲနေကြတယ်လို့ သူမက ဆက်ပြောပါတယ်။

"မြေပဲစိုက်ရမယ့်အချိန်အခါမီ မစိုက်ပျိုးနိုင်တာ ပါမယ်။ စစ်ကြောင်းက ခဏခဏဝင်လာတော့ရွာမှာ မနေရဲဘူးလေ။ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ အကုန်လာတာပါ။ ကြားပေါင်းလိုက်တာ၊ ဆေးဖြန်းတာ ၊ မြေဆွတာတွေ အချိန်မီမလုပ်ရတော့ အထွက်နှုန်းလျော့တာပေါ့ " လို့ တောင်သူတဦးက ပြောပါတယ်။

ပေါက်နယ်တောင်ပိုင်းကကျေးရွာတွေဖြစ်တဲ့ ယာကြီးပြင်၊ ခင်ရှည်၊ ပန်းတော်ကန်၊ ကျားပန်းကန်၊ သစ်ညီနောင်၊ တင်းမ၊ အစရှိတဲ့ကျေးရွာပေါင်း ၁၅ ရွာခန့်မှာ မြေပဲစိုက်ပျိုးထားတာဖြစ်ပြီး၊ စစ်ကြောင်းဝင်လာတဲ့ အချိန်တွေမှာ မြေပဲမနှုတ်နိုင်ဘဲဖြစ်နေတယ်လို့ သိရပါတယ်။

ပုံစာ - မြေပဲနှုတ်နေကြသည့် ပေါက်ဒေသခံများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေး #ပခုက္ကူ #ပေါက် #စစ်ကောင်စီ #စစ်ရှောင် #စိုက်ပျိုးရေး #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10