ပေါက်မြို့နဲ့ မြိုင်မြို့အကြား ထိတွေ့မှု ၂ ကြိမ်အတွင်း စစ်သား ၃ ဦးနဲ့ PDF ၁ ဦး သေဆုံး

ပေါက်မြို့နဲ့ မြိုင်မြို့အကြား ထိတွေ့မှု ၂ ကြိမ်အတွင်း စစ်သား ၃ ဦးနဲ့ PDF ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မကျီးစင်ရွာကနေ မြိုင်နယ်ဘက်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီလောက်မှာ မကျီးစင်ရွာကို မီးရှို့ပြီးပြန်ထွက်လာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါစစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ အဲဒီရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ ကျောက်လုံးရွာနားမှာ ထိတွေ့ပစ်ခတ်မှု ၂ နာရီကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး သူတို့လာတဲ့လမ်းကြောင်းပြောင်းသွားတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ကျောက်လုံးရွာထိပ်ကနေပြီးတော့မှ သူတို့ကို တိုက်ခိုက်တဲ့အခါမှာ သူတို့က လမ်းကြောင်းပြောင်းသွားတယ်။ အဲဒီညနေတိုက်ပွဲမှာ သူတို့ဘက်က ၅ ယောက်ဒဏ်ရာရခဲ့တယ်။ ကျနော်တို့က ကုန်းပေါ်မှာဆိုတော့ ဗျူးပိုကောင်းတော့  အဲ့မှာ သူတို့လဲကျသွားတာကို မြင်လိုက်တယ် “လို့ အညာမြေတပ်ပေါင်းစုမှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် ကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်လုံးရွာအနီးမှာခေတ္တအထိုင်ချနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် ထမင်းထုပ်ကို ကားနဲ့လာပို့တဲ့ TYK(သရက်ကန်) ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုမြင့်သူ(ခ)ကိုကုလား ၂၉ နှစ်အပါ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးတို့နဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး ရှေ့ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားသလို ကိုမြင့်သူလည်း သေဆုံးခဲ့ကာ ကျန်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ ကျသွားတဲ့ကိုမြင့်သူက ရှေ့တန်းရဲဘော်တွေအတွက်ဆိုပြီးတော့ စားစရာလာပြီးတော့ပို့တာ။ အဲဒီအခါမှာ ရှေ့ကင်းတွေနဲ့ ပတ်ပင်းတွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတော့မှ ကိုမြင့်သူကလည်း စစ်ကောင်စီတယောက်ကို ပစ်ခတ်လိုက်နိုင်ပြီးတော့ ကိုမြင့်သူလည်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ အဲ့နားမှာပွဲချင်းပြီး ကျဆုံးသွားတယ်ပေါ့။ ကိုမြင့်သူနဲ့ ပါသွားတဲ့နောက်ထပ်ရဲဘော်တယောက်က ဒဏ်ရာရပြီးတော့ ဆေးဝါးကုသမှုခံယူနေရတယ်” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ကားကိုမီးရှို့ဖျက်ဆီးခဲ့သလို ကိုမြင့်သူ ရဲ့ ရုပ်အလောင်းတခြမ်းကိုပါ မီးရှို့ဖျက်ဆီးသွားတာတွေ့ခဲ့ရပြီး ကျန်ရှိရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ည ၁၂ နာရီလောက်မှာပဲ ကျောက်လုံးရွာနဲ့ ဝါးရင်းချိုင်ရွာကြားမှာ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်မှု ၄၅ မိနစ်ကြာဖြစ်ပွါးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး ဒေသခံတွေရဲ့ပြောကြားချက်အရ ၈ ဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲကို အညာမြေတပ်ပေါင်းစု၊ TYK(သရက်ကန်)ပြောက်ကျားတပ်ဖွဲ့၊ ဝံပုလွေပျောက်ကြားတပ်ဖွဲ့၊ မြိုင် ပကဖ၊ မြိုင် ပကဖ(တပ်ရင်း ၁)၊ ပခုက္ကူခရိုင်တပ်ရင်း ၁၊ ၂၊ ၇၊ စင်္ကြာတပ်ဖွဲ့၊ Union brother၊ God of myaing၊ နံ့သာမြေယက္ခ၊ Kamma under ground people defance force နဲ့ ကမ္မတပ်ပေါင်းစု စတဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ထိတွေ့မှုဖြစ်ပြီးချိန် စစ်ကောင်စီတပ်ဖွဲ့ဟာ အဲ့ဒီအနီးအနားမှာ ၁ ညအိပ် စခန်းချခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မြိုင်မြို့နယ် စက်မှု - ၂ ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ 

ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက မြိုင်မြို့နယ် စက်မှု - ၂ ကနေထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ၎င်းစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၃ ရက်နေ့က အညာမြေတပ်ပေါင်းစုအဖွဲ့ဝင် MUGDF စခန်းကိုမီးရှို့ခဲ့ကာ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း မကျီးစင်ရွာနေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၁ ဦးဖြစ်တဲ့ ကိုဝင်းစိုးကို မီးရှို့သတ်ဖြတ်သွားခဲ့ပါတယ်။ 

စာတည်း - ကိုချမ်း

#မြေလတ်အသံ

#ပေါက် #မြိုင် #စစ်ကောင်စီတပ်ဖွဲ့ #တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့#အညာမြေတပ်ပေါင်းစု #ထိတွေ့မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10