မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို မေလ ၇ ရက်မနေ့က တရက်တည်းမှာတင် ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြိုင် ပကဖ ဆီက သိရပါတယ်။
ပေါက်မြို့နယ်၊ အုန်းတောကျေးရွာအနီး မဲဇလီတန်းအနောက်မှာ စစ်သားနဲ့ ပျူစောထီးအင်အား ၄၀ လောက်နဲ့ လုံခြုံရေးယူနေတာကို မနက် ၆ နာရီခွဲလောက်မှာ အသင့်ထောင်ထားတဲ့မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"အုန်းတောမှာလုံခြုံရေးယူပြီး ကင်းပုန်းဝတ်နေတယ်လို့ သတင်းရလို့ သွားရာက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီမှာ စစ်သားလား၊ ပျူလားတော့ မသိရဘူး။ ၃ ယောက်သေပြီး၊ ၃ ယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသူတွေကို ပေါက်ဆေးရုံကိုခေါ်သွားတယ်ဆိုတာ ကင်းထောက်တွေဆီက သတင်းပြန်ရတယ်" လို့ မြိုင် ပကဖ တာဝန်ခံက ပြောပါတယ်။
အဲဒီစစ်ကောင်စီအဖွဲ့ဟာ အုန်းတောရွာအနီးမှာပဲ ဆက်လက်တည်ရှိနေတဲ့အတွက် မေလ ၇ ရက်ညနေ ၃ နာရီလောက်မှာ ထပ်မံသွားရောက်တိုက်ခိုက်ရာ ပြန်လှန်ပစ်ခတ်ချိန် နာရီဝက်ခန့် ကြာပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရဘူးလို့ ဆက်ပြောပါတယ်။
မနက်ပိုင်းမိုင်းဆွဲခံရတဲ့ ဒဏ်ရာရသူ ၃ ဦးကိုတော့ မနက်၁၀ နာရီလောက်မှာ ပေါက်မြို့နယ်ဘက်ကို ကားနဲ့သယ်ဆောင်သွားတယ်လို့ဆိုပါတယ်။
စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက် မရသေးပါဘူး။ အဲဒီတိုက်ခိုက်မှုမှာ ပေါက်မြို့ဗိုလ်တစ္တေအဖွဲ့၊ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေး အဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၅ တပ်စိတ် ၁ တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
မေလ ၂ ရက်ညနေ ၆ နာရီလောက်ကလည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဒေသခံတပ်ဖွဲ့တွေနဲ့ ပေါင်းပြီး မြိုင်မြို့နယ်၊ သရက်ကန်ရွာက ပျူစောထီးစခန်းနဲ့ စိုကန်ရွာကြားမှာ သွားလာနေတဲ့ ပျူစောထီးတွေကို မိုင်းဆွဲခဲ့တဲ့အပြင် အီနာဂါဗုံးနဲ့ပါ အသုံးပြုတိုက်ခိုက်ခဲ့ကြ ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ