ပေါက်မှာ စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

ပေါက်မှာ စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းကို ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၂ တပ်ရင်းဘက်ကနေ စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ပေါက်ဒေသခံတဦးက ပြောပါတယ်။

သြဂုတ် ၂၈ ရက် မနက် ၇ နာရီလောက်မှာ ဒလက် ၆ ခုပါဒရုန်းနဲ့ ၆၀ မမ ဗုံး ၁ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ပေါက်မြို့နယ်အရှေ့တောင်ပိုင်း၊ ပုတီးရွာတောတိုက်အတွင်းရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှင်အမျိုးသား ၁ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

" စစ်တပ်က အကြောင်းမဲ့တိုက်ခိုက်တာပါ။ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းနဲ့ ဗုံးလာချခဲ့တာပါ။ အိမ်ရှင်အမျိုးသား ၁ ဦး ပွဲချင်းပြီးသေသွားတယ်" လို့ ဒေသခံ ကိုနတ်ဆိုးက ပြောပါတယ်။

အိမ်ရှင်အမျိုးသားမှာ အသက်အရွယ် ၄၀ ခန့်ရှိပြီး ဘယ်ဘက်ရင်အုံကို ဗုံးသီးအစမှန်ကာ နေအိမ်အတွင်းမှာ သေဆုံးခဲ့တာလို့ သူကဆက်ပြောပါတယ်။

အလားတူ အိမ်ရှင်နဲ့ အတူနေသူ ၁၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦးလည်း ပခုံးမှာဗုံးသီးအစထိမှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်ကလည်း ရေတွက်ကျေးရွာ စာသင်ကျောင်းကို ကပစ ၂၂ တပ်ရင်းဘက်ကနေ ညနေ ၄ နာရီခွဲခန့်မှာ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းပျက်စီးပြီး ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

ပုံစာ - ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပျက်စီးခဲ့သည့် နေအိမ်နဲ့စာသင်ကျောင်းကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက်မြို့နယ် #စစ်ကောင်စီ #ဒရုန်းတိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10