ပေါက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ လူ ၁ ဦးပေါင်ကျိုးပြီး နွား ၁ ကောင်သေဆုံး

ပေါက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ လူ ၁ ဦးပေါင်ကျိုးပြီး နွား ၁ ကောင်သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နယ်မှာ စက်တင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ လူနဲ့တိရစ္ဆာန်ထိခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံရွာသားတဦးဆီက သိရပါတယ်။

ပေါက်နယ်မှာရှိတဲ့ ကပစ ၂၄ တပ်တွင်းမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ည ၁၀ နာရီကျော်အချိန်မှာ ကျားပစ်ကန်ရွာကို ပစ်ခတ်ခဲ့ရာ ၁ လုံးက ရွာအပြင်ဘက်ကြပြီး နောက် ၁ လုံးမှာ ရွာအတွင်း မြေကွက်လပ် နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

" ရွာအပြင်မှာ တလုံးနဲ့ ရွာထဲကို တလုံးကျတယ်။ ယောက်ျားတဦးက ပေါင်းကျိုးပြီးတော့ နွားတကောင် သေတယ်။ တခြားပျက်စီးတာလည်းရှိတယ်" လို့ ရွာသားတဦးက မြေလတ်အသံကိုပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲလို့ ကျည်စတွေထိမှန်ကာ ကျားပစ်ကန်ရွာသား အသက် ၅၀  အရွယ်ရှိ ဦးမှတ်တင်ရဲ့ ဘယ်ဘက်ပေါင်ကျိုးပြီး နွားထီးတကောင်သေဆုံးခဲ့သလို အိမ်မီတာဘောက်တလုံးနဲ့ လျှပ်စစ်မီကြိုးတချို့ ပြတ်ကျပျက်စီးကာ အိမ်ခေါင်မိုးတချို့လည်း ပေါက်ပြဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးထိမှန်တဲ့လူနာကို ကျေးရွာမှာကုသပေးသော်လည်း ဒဏ်ရာမသက်သာတဲ့အတွက် တခြားနယ်ဘက်ကို သွားရောက်ကုသနေတယ်လို့ ဆိုပါတယ်။

သြဂုတ်လလယ်ပိုင်းကလည်း ကျားပစ်ကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ရွာအပြင်ဘက်နေရာတွေမှာ ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဆုံးရှုံးတာမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက် #စစ်ကောင်စီ #ကပစ၂၄ #လက်နက်ကြီး #ပစ်ခတ် #အရပ်သား #ထိခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10