ပေါက်မှာ စပါးသိမ်းချိန် မိုးဆက်တိုက်ရွာလို့ ပလဖရဲဘော်တွေက ကူညီလုပ်ကိုင်ပေး

ပေါက်မှာ စပါးသိမ်းချိန် မိုးဆက်တိုက်ရွာလို့ ပလဖရဲဘော်တွေက ကူညီလုပ်ကိုင်ပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ နွေစပါးစိုက်ခင်းတွေ ရိတ်သိမ်းနေချိန် နိုဝင်ဘာ ၁၅ ရက်ကစပြီး မိုးဆက်တိုက်ရွာနေတဲ့အတွက် တောင်သူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးခဲ့တယ်လို့ ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးအဖွဲ့ဆီက သိရပါတယ် ။

ပေါက်တောင်ပိုင်းက တစူး၊ လယ်ယာ၊ လက်ပံလှ၊ သက္ကယ်ကျင်း၊ ကင်းဆုပ်၊ ကင်းမ စတဲ့ကျေးရွာပေါင်း၂၀ ကျော်မှာ နွေစပါးရိတ်သိမ်းတဲ့အချိန် မိုးရွာတာများပြီး စပါးခင်းတွေ မိုးစိုသလို ရေနစ်မြုပ်နေလို့ ကူညီလုပ်ကိုင်ပေးရတာလို့ ဆိုပါတယ်။

"စပါးသိမ်းချိန် မိုးရက်ဆက်ရွာတော့ မိုးမိကုန်တယ်။ တောင်သူတွေအဆင်ပြေမှ ရိက္ခာဖူလုံမှာလေ။ ဆုံးရှုံးတာ နည်းအောင် ကူညီပေးရတာပါ" လို့ ပလဖ သတင်းတာဝန်ခံ တိမ်လွှာက ပြောပါတယ်။

မိုးရေစိုပြီး ရေနစ်မြုပ်နေတဲ့ စပါးခင်းတွေကို ပေါက်တောင်ပိုင်း ဇုန် ၂ စခန်းမှ အဖွဲ့တာဝန်ခံ ဒေါင်းမင်း ဦးဆောင်တဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ တောင်သူတွေကို ကူညီလုပ်ကိုင်ပေးနေကြတာလို့ သူက ဆက်ပြောပါတယ်။

ပေါက်တောင်ပိုင်းမှာ ဆင်းသုခစပါးမျိုးကို ဇူလိုင်လလယ်ပိုင်းကတည်းက စတင်စိုက်ပျိုးခဲ့တာဖြစ်သလို ယခုကာလမှာ စပါးရိတ်သိမ်းချိန်ဖြစ်ပြီး ရိတ်သိမ်းပြီးစီးတဲ့ တောင်သူတွေရှိသလို မရိတ်သိမ်းရသေးတဲ့ စပါးခင်းတွေလည်း ကျန်ရှိနေတယ်လို့ ရဲဘော်တိမ်လွှာက ဆိုပါတယ်။

"မိုးထဲရေထဲမှာ ရသင့်တာလေးတွေရအောင် ရဲဘော်တွေက ကူညီကြတယ်။ ဆုံးရှုံးတာက တဝက်နီးပါးလောက် ရှိနိုင်တယ်။ ရသလောက်တော့ လုပ်ရအုံးမှာပဲ" လို့ စပါး ၂၅ ဧကစိုက်တဲ့တောင်သူက ပြောပါတယ်။

မိုးဆက်တိုက်ရွာတာများပြီး ချောင်းကမ်းစပ်နေရာမှာ စိုက်ပျိုးတဲ့စပါးခင်းတွေ အောက်ရေမစီးနိုင်တဲ့အတွက် ရေနစ်မြုပ်သလို ရေနဲ့မျောပါသွားတာတွေလည်းရှိပြီး တောင်သူတွေ ဆုံးရှုံးတာများနိုင်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့နယ် #နွေစပါးစိုက်ခင်း  #မိုးရွာ  #စပါးရိတ် #ပလဖ #ကူညီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10