ပေါက်မှာ ပျက်စီးနေတဲ့ ရေသွင်းမြောင်းတွေကို တနိုင်တပိုင်ပြုပြင်နေပြီး စက်အားနဲ့ပြင်မှ မိုးစပါးမီမယ်လို့ဆို

ပေါက်မှာ ပျက်စီးနေတဲ့ ရေသွင်းမြောင်းတွေကို တနိုင်တပိုင်ပြုပြင်နေပြီး စက်အားနဲ့ပြင်မှ မိုးစပါးမီမယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ မိုးစပါးစိုက်ဖို့အတွက်  ရေသွင်းမြောင်းတွေ ပျက်စီးနေလို့ တောင်သူလယ်သမားတွေအနေနဲ့ အခက်အခဲတွေရှိနေတယ်လို့ ပေါက်ဒေသခံတောင်သူတွေဆီက သိရပါတယ်။

မိုးနည်းပါးတဲ့ ပေါက်နယ်တောင်ပိုင်းမှာ တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ဖို့အတွက် စိမ့်စမ်းရေကို ရေသွင်းမြောင်းတွေကနေတဆင့် ရေသွင်း စိုက်ပျိုးရပြီး ယခုနှစ် မေလမှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရေမြောင်းတွေ ပျက်စီးမှုများပြားခဲ့ပြီး ပြန်လည်ပြုပြင်ဖို့ ခက်ခဲနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"စိမ့်စမ်းရေတွေကို မြောင်းကနေရေသွင်းစိုက်ရတာပါ။ မုန်တိုင်းမိုးကြောင့် ရေမြောင်းတွေပျက်ကုန်တယ်။ စရိတ်တွေကြီးလို့ တောင်သူတွေအနေနဲ့ ပြင်ဖို့ မတတ်နိုင်ကြဘူး။ ခုချိန်မှာစက်နဲ့ ကူညီပြီးပြင်ပေးနိုင်ရင် စပါးစိုက်ဖို့အဆင်ပြေနိုင်တယ်" လို့ တောင်သူက ပြောပါတယ်။

မုန်တိုင်းမိုးကြောင့် ရေမြောင်းပျက်တာတွေ ၊ လယ်ကန်သင်းပျက်တာတွေရှိသလို လယ်ထဲမှာ သဲနုန်းတွေတင်ကျန်နေတာတွေရှိလို့ စက်အားနဲ့လုပ်ကိုင်မှသာ အဆင်ပြေနိုင်ပြီး၊ ကိုယ်ထူကိုယ်ထလုပ်ဖို့ ငွေကြေးအခက်အခဲရှိနေပါတယ်လို့ သူကဆက်ပြောပါတယ်။

ပေါက်တောင်ပိုင်းမှာ စပါးစိုက်တဲ့အခါလိုအပ်တဲ့ရေကို စိမ့်စမ်းရေ၊ ရေဘုံဘိုင်တွင်းကနေတဆင့် အင်ဂျင်စက်တွေနဲ့ ရေသွင်းစိုက်ပျိုးက တယ်လို့ ကျေးရွာ ပကဖ တာဝန်ခံကမြေလတ်အသံကို ပြောပါတယ်။

"ပျက်စီးနေတဲ့ရေသွင်းမြောင်းတွေကို ဒေသခံရွာသားတွေနဲ့ တနိုင်တပိုင်တော့ ပြင်နေပါတယ်။ သဘာဝအလျှောက် စိမ့်နေတဲ့ရေကို မြောင်းသွယ်ပြီးသွင်းတာပါ။ အခုချိန်စက်အားနဲ့ ပြင်ရင်တော့ အချိန်မီတာပေါ့ " လို့ ပကဖ တာဝန်ခံက ပြောပါတယ်။

မိုးရေချိန် ၂ လက်မမှ ၆ လက်မကြား မိုးရွာသွန်းနိုင်ခြေနည်းပါးတဲ့အထဲမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှ ပေါက်၊ ရေစကြို၊ ဆင်ဖြူကျွန်းတို့ ပါဝင်နေတယ်လို့ ဇွန် ၁၉ ရက် မိုးလေဝသ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အခုဇွန်လနှောင်းပိုင်းမှာ ပေါက်မြို့နယ်တောင်ပိုင်းက စပါးစိုက်ပျိုးလို့ရတဲ့ ကျေးရွာတချို့မှာ စပါးပျိုးခင်းတွေ ပျိုးထောင်ထားတာ ၁၂ ရက်သားခန်ရှိပြီး၊ တချို့လယ်မြေတွေမှာ မြေပဲ၊ ပဲစဥ်းငုံ၊ ပဲနောက်၊ ကွမ်း၊ ကြက်သွန်နီ သီးနှံတွေစိုက်ပျိုးနေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက် #မိုးစပါး #စိုက်ပျိုးရေး #ရေသွင်းစိုက်ပျိုးရေး #မိုခါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10