ပေါက်မှာ ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

ပေါက်မှာ ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာက ပျူစောထီးဂိတ်တခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၃ ရက် မနေ့ကနေ့လယ် ၃ နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပေါက်တောင်ပိုင်း ပကဖ ကျီးကန်းတပ်ဖွဲ့တာဝန်ခံ ကိုကျီးကန်းက ပြောပါတယ်။

အဲ့ဒီဂိတ်မှာ ပျုစောထီးအင်အား ၁၀ ဦးလောက်ရှိပြီး ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၄၅ မိနစ်လောက်ဖြစ်ခဲ့ပြီး ပျူစောထီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့ ဒရုန်းတွေနဲ့လည်း ပစ်တယ်။ သေသွားတဲ့တယောက်က ကျနော်တို့အပြန်အလှန် ပစ်ခတ်နေတဲ့အချိန် သူ့ပေါင်ကိုထိသွားပြီးတော့ ပုန်းနေတာ။ ကျနော်တို့တွေ့သွားပြီး သူ့ကို ဖမ်းသွားတယ်။ မနေ့ညလောက်က စခန်းမှာပဲဆုံးသွားတယ်။ သူ့ဆီကနေ လက်လုပ်သေနတ် တလက်ရသွားတယ်" လို့ တပ်ဖွဲ့တာဝန်ခံ ကိုကျီးကန်းက ပြောပါတယ်။ 

သေဆုံးသွားတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ဦးသန်းစိန်ကို ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မနက်မှာပဲ မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ DKTF (PAUK)၊ BRAF Drone အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂိတ်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

ကာကွယ်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာချိန်မှာ ကပစ ၂၄ တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတဦးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

အခုတိုက်ခိုက်တဲ့ ပျူစောထီးဂိတ်ကို လွန်ခဲ့တဲ့ ၇ လဝန်းကျင်ကတည်းကဖွင့်ထားတာဖြစ်ပြီး သစ်ချိုကုန်းရွာမှာတော့ အကြီးဆုံးဂိတ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက် ဒီမနက်မှာတော့ သစ်ချိုကုန်းရွာကို စစ်ကောင်စီဘက်က တပ်သားအင်အား ထပ်မံဖြည့်တင်းထားတယ်လို့ သိရကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုကျီးကန်းက ပြောပါတယ်။ 

ပေါက်တောင်ပိုင်း ပကဖ ကျီးကန်းတပ်ဖွဲ့ဟာ အထက်ပါ သစ်ချိုကုန်းဂိတ်စခန်းကို အခုလို သွားရောက်တိုက်ခိုက်တာဟာ ၅ ကြိမ်နဲ့အထက်မှာ ရှိပြီလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #သစ်ချိုကုန်းကျေးရွာ #ပျူစောထီးဂိတ် #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10