သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း ၊ ပေါက်မြို့နယ် ၊ စပါးမြှောရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရပ်ကျေးပကဖတပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ဒေသခံအရပ်သား ၄၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ ပေါက်ပကဖဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက် မနေ့မနက် ၅ နာရီခန့်မှာ ပျူစောထီးတွေနဲ့ ကပစ ၂၄ က စစ်ကောင်စီတပ်သားပူးပေါင်းအင်အား ၈၀ ဝန်းကျင်ဟာ စပါးမြှောရွာကိုဝင်ရောက်လာချိန် ရွာခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေနဲ့ အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့ပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
“ သူတို့စလှုပ်ရှားတာက မနက် ၄ နာရီလောက်ကတည်းက စလှုပ်ရှားတာ။ သတင်းမရဘူးပေါ့။ ကိုယ့်ဘက်က အလစ်အငိုက်ကို ဝင်ခံလိုက်ရတာ။ အဲ့မှာက အင်အားတောင့်တင်းတဲ့အဖွဲ့မရှိဘူးလေ။ ရပ်ကျေးပကဖလောက်ပဲ ရှိတယ်။” လို့ ပေါက်ပကဖတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ခုခံပစ်ခတ်ခဲ့တဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ဟာ လက်နက်၊လူအင်အားမမျှတာကြောင့် ဖမ်းဆီးခံလိုက်ရပြီး ၎င်းတို့ကို စစ်ကောင်စီတပ်က စပါးမြှောရွာအနီးတောစပ်ထဲမှာ သတ်ဖြတ်ထားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်း ရွာပြင်ရှိပကဖစခန်းကို ဝင်ရောက်စီးနင်းကာ လက်နက်ခဲယမ်းနဲ့ပစ္စည်းတွေကို ကား ၂ စီးနဲ့ ယူဆောင်ပြီးနောက် ပကဖစခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အဆိုပါစစ်ကြောင်းဟာ စပါးမြှောရွာထဲကိုဆက်လက်ဝင်လာပြီး စပါးမြှောရွာခံ ၄၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ကာ နေ့လယ် ၂ နာရီခန့်မှာ ကပစ ၂၄ တပ်အတွင်း ပြန်လည်ဝင်ရောက်သွားကာ ဖမ်းဆီးခေါ် ဆောင်ခံရသူတွေဟာ ဒီနေ့အထိ ပြန်လွတ်မြောက်လာတာမရှိသေးဘူးလို့ သိရပါတယ်။
“ အရင်ကလည်း အဲလိုပစ်(ထိတွေ့ပစ်ခတ်)နေကျဆိုတော့ ရွာကိုလည်းဝင်စီးမယ်လို့ ထင်မထားဘူးပေါ့။ ရွာက ပြည်သူတွေကလည်း မရှောင်လိုက်ဘူးလေ။ အဲ့မှာမိကုန်တာ။” လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း ဒီးဒုတ်ကွင်းကျေးရွာကပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေပူးပေါင်းပြီး ဒီးဒုတ်ကွင်းရွာအနီးစစ်ရှောင်စခန်းကို ဝင်ရောက်စီးနင်းကာ သံဃာ ၁ ပါးအပါ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။
ပုံစာ - ဖမ်းဆီးသတ်ဖြတ်ခံရသည့် ကျေးရွာပကဖတပ်ဖွဲ့ဝင်များနှင့် ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများ။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#မကွေး #ပေါက် #ပကဖ #သတ်ဖြတ် #စစ်ကြောင်းထိုး
Share Share Share