ပေါင်းတည်ကို ထိုးစစ်ဆင်လာတဲ့ စစ်ရေယာဥ် မိုင်းဆွဲခံရပြီး သေဆုံးမှုရှိ

ပေါင်းတည်ကို ထိုးစစ်ဆင်လာတဲ့ စစ်ရေယာဥ် မိုင်းဆွဲခံရပြီး သေဆုံးမှုရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုန့ယ်၊ အရှေ့ပဲခူးရိုးမပေါ်ကို စက်လှေ ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ PDF Thegon က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ပျဥ်ကြီးစက်လှေဆိပ်ကနေ ကြို့ကုန်း(တောင်ပေါ်)အုပ်စု ထန်းကုန်းရွာဟောင်းနဲ့ ချေပင်ရွာဟောင်းကြားမှာ မတ်လ ၁၇ ရက်ဒီမနက် ၉ နာရီလောက်မှာ ရှေ့ထွက်မိုင်း ၄ လုံးသုံးပြီး စက်လှေတစီးကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


"စစ်ကြောင်းက စက်လှေ ၂ စီးနဲ့ မောင်းလာတာ။ ထန်းကုန်းရွာဟောင်းနဲ့ ချေပင်ရွာဟောင်း မြောင်ကြပ်မှာ နောက်ကနေမောင်းလာတဲ့ စစ်သား ၂၀ လောက်ပါလာတဲ့ စက်လှေကို မြောင်ကြပ်ဘေးက ကုန်းပေါ်မှာ အသင့်ထောင်ထားတဲ့ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်သား ၅ ဦး နေရာတင်သေပြီး ဒဏ်ရာရသူတွေလည်းရှိတယ်” လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ TPDF က တပ်ခွဲမှူး ဗိုလ်ဆူးထက်က ပြောပါတယ်။

စစ်အုပ်စုဘက်က သေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်ကလည်း နတ်တလင်းမြို့နယ်၊ မကျီးပင်ဆည်ကနေ ပဲခူရိုးမလမ်းအတိုင်း ဘိုကြီးစခန်းကတဆင့် ကြက်မနက်ရွာနဲ့ ဆင်ဆွဲရွာတွေကို ဖြတ်ပြီး ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာမှာ စခန်းချပြီးနောက် ဒီနေ့မနက်မှာ ထပ်မံထွက်လာတဲ့စစ်ကြောင်းလို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၆၀၂ တပ်ခွဲ ၄ TPDF၊ တပ်စု ၆၊ တပ်စိပ် ၁၆ နဲ့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့လယ် ၁၂ နာရီလောက်ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာမှာ နေထိုင်တဲ့ စစ်တပ်သတင်းပေးဆိုသူ အသက် ၅၀ အရွယ် ကိုအောင်ဝင်းဌေး ဆိုသူကို TPDF တပ်ဖွဲ့ဝင်တွေက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10