ပေါင်းတည်က ကျွန်းသစ်ခိုးသူရဲ့ကားကို PDF တွေမီးရှို့

ပေါင်းတည်က ကျွန်းသစ်ခိုးသူရဲ့ကားကို PDF တွေမီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီနဲ့ပေါင်းပြီး ကျွန်းသစ်ခိုးယူနေတဲ့ သူပိုင်တဲ့ကားကို မတ်လ ၇ ရက် မနေ့နေ့လယ်က ပေါင်းတည်မြို့နယ် ၃၆၀၁ တပ်ရင်း ၂ တပ်ခွဲ ၃ က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ကြာနီကန်အုပ်စုကနေ ဝဲကြီးဆည်အထက်ကျောက်တံခါးအုပ်စုထဲကိုမောင်းနှင်လာချိန် အောင်သပြေရွာအနီးမှာ နေ့လယ် ၁၂ နာရီလောက်က စစ်ဆေးပြီးမီးရှို့ခဲ့တာလို့ ဆိုပါတယ်။


"သူက စစ်တပ်နဲ့ပေါင်းပြီး သစ်ခိုးစားနေတာကြာပြီ။ သစ်သူခိုး မောင်ညွှန့် ပါမယ်ထင်ပြီး စောင့်နေတာ။ တကယ်ပါ လာတာက မောင်ညွှန့် မယားပါသားရယ် စပါယ်ယာရယ် ဒရိုင်ဘာရယ်ပဲပါလာလို့ ကားကို မောင်ညွှန့်ကားဟုတ်မဟုတ် သေချာစိစစ်ပြီးမှ မီးရှို့ခဲ့တာ" လို့ ၃၆၀၁ တပ်ရင်း ၂ တပ်ခွဲ ၃ က သတင်းထောက်လှမ်းရေး တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ယာဥ်နဲ့အတူပါလာတဲ့ အမျိုးသား ၃ ဦးကို စည်းရုံးဟောပြောကာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ကိုမောင်ညွှန့်ဟာ အဲဒီကားနဲ့ပဲ စစ်ကောင်စီစစ်ကြောင်းတွေကို ပို့ဆောင်တာ၊ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာသယ်ယူပေးတာတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီကို လိုင်းကြေးပေးကာ သစ်ခိုးပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေသူဖြစ်တဲ့အပြင် ကျေးရွာနေ ပြည်သူတွေကိုလည်း PDF အဖြစ် စွပ်စွဲဖမ်းစီးစေပြီး အမှုပွဲစား လုပ်နေသူတဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံတဦးကတော့ ကိုမောင်ညွှန့်ဟာ ပေါင်းတည်မြို့နယ်အတွင်းက တော်လှန်ရေးရဲဘော်တွေရဲ့နေအိမ်တွေ ချိတ်ပိတ်ရာမှာလည်း စစ်ကောင်စီရဲ့လမ်းပြအဖြစ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး မာရှယ်လောအမိန့်ထုတ်ပြန်ထားတဲ့မြို့ဖြစ်ပြီး မတ်လ ၆ ရက်ညနေ ၄ နာရီလောက်ကလည်း ပေါင်းတည်မြို့ပေါ် သိမ်ကြီးရပ်ရှိနွယ်ချို ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ရဲနဲ့စစ်သားတွေ ရောက်ရှိချိန်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါသေးတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10