ပေါင်းတည်က စစ်ကောင်စီခန့် ရာအိမ်မှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ပေါင်းတည်က စစ်ကောင်စီခန့် ရာအိမ်မှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်က စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို နိုဝင်ဘာ ၁ ရက် မနေ့ညက သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့တယ်လို့  ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ရင်း ၃၆၀၁  PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းရွာ(တောင်ပေါ်ဒေသ)က ရာအိမ်မှူးကိုခင်မောင်ဝင်းကို မနေ့ည ၈ နာရီလောက်က သူ့ရဲ့နေအိမ်မှာပဲ ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။

“သူ့ကို(ကိုခင်မောင်ဝင်း) လုပ်ဖို့သွားတာကို သူက ကျနော်တို့ကို အိမ်ထဲကနေ ဓါးနဲ့ထွက်ခုတ်တာကို ပစ်လိုက်တာမှာ ခေါင်းကို တချက် ရင်ဘတ်ကိုထိပြီး ပွဲချင်းပြီး သေသွားတာ"လို့ တပ်ရင်း ၃၆၀၁ PPDF ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတယ်လီဂရမ်မှာတော့ ကိုခင်မောင်ဝင်းဟာ ဒီဇင်ဘာ ၁ ရက်မနက်မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး ဦးခေါင်းဖြတ်ခံရတယ်လို့ ဆိုပါတယ်။

ကိုခင်မောင်ဝင်းဟာ စစ်ကောင်စီဆီသတင်းပေးကာ ဖမ်းဆီးခိုင်းတာတွေရှိတဲ့အပြင် PDF စခန်းတွေကို လိုက်လံပြသတာတွေလည်း ပြုလုပ်တာကြောင့် ခုလိုရှင်းလင်းခံရတာလို့  တပ်ရင်း ၃၆၀၁ PPDF ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာက ပျူစောထီးလို့ လူသိများတဲ့ ကိုသိန်းနိုင်နဲ့ မဝင်လေးတို့လင်မယားကို နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခတ်ရာ အမျိုးသမီးနေရာမှာ ပွဲချင်းပြီးသေဆုံးပြီး အမျိုးသားဖြစ်သူ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ယခင်ကြို့ကုန်း(တောင်ပေါ်)အုပ်စုက  စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကိုလည်း  အာဏာသိမ်းအပြီး ၅ လအကြာ ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်မှာ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ရာ  မြို့နယ်အတွင်း ပထမဆုံးသေနတ်နဲ့ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်ခဲ့ပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည်မြို့နယ် #စစ်ကောင်စီ #ရာအိမ်မှူး #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10