သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက် သေဆုံးသူတွေရှိတယ်လို့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ရွာကို နယ်မြေရှင်းလင်းရေးလုပ်ပြီး သစ်ပုတ်ရွာ တာဝါတိုင်အထိုင်စခန်းကို ပြန်လာတဲ့ အင်အား ၂၂ ဦးပါ စစ်ကြောင်းကို မေ ၈ ရက် မနေ့ ညနေ ၆ နာရီခွဲကျော်လောက်က သစ်ပုတ်ရွာနဲ့ ပြန်ချီတက်ရွာကြား ကျောက်တောင်အနီးကနေ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ က ပဒေသာမိုင်း ၄ လုံးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၂ ဦးသေကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
”မိုင်းတွေကို စစ်**တွေ သွားမယ့်လမ်းမှာ လေးပေ တလုံးစီ ဖြန့်ခင်းထားတာ။ သူတို့ ခြေလျင်ပြန်လာချိန် ဆွဲလိုက်တာ ၆ ဦး လဲကျသွားပြီး ၂ ဦးသေပြီး ၂ ဦး ဒဏ်ရာရသွားတာလို့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြန်သတင်းပို့တယ်“ လို့ ၃၆၀၁ PPDF တပ်ရင်း၊ ဆက်သွယ်ရေးနဲ့သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။
မိုင်းဆွဲခံရလို့ စစ်ကြောင်းဟာ အဲဒီနေရာမှာပဲ ညအိပ်ပြီး ည ၁၂ နာရီလောက်မှာ ဖောကားတစီးနဲ့ မှတ်တိုင်ရွာ ဘက်ကို သယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်မျိုးစုံနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ပြည်သူ့ကာကွယ် ရေးရဲဘော်တွေ အန္တရာယ်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မေ ၉ ရက် ဒီမနက်မှာ အဲဒီစစ်ကြောင်းဟာ သစ်ပုတ်ရွာ တာဝါတိုင်စခန်းကို ပြန်သွားကြတယ်လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိအနာဂတ် ပျောက်ပျက်မသွားရအောင် ပြည်သူ့ရင်ခွင်ခိုလူံပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီ အမြန်ဆုံး ဆက်သွယ်အလင်းဝင်ရောက်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၂ ရက် ညနေကလည်း သစ်ပုတ် တာဝါတိုင်စခန်းကနေ ရေချိုးထွက်လာတဲ့ စစ်သားတွေကို ပဒေသာမိုင်း ၄ လုံးဆွဲကာ တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ပေါင်းတည်မြို့ #စစ်ကောင်စီ #စစ်ကြောင်း ##PPDF #မိုင်းဆွဲ #သစ်ပုတ်
Share Share Share