ပေါင်းတည်က စစ်ကောင်စီ ဗိုလ်မှူး ဝေလွင်ဦး သီချင်းဆိုနေတဲ့ပုံကို ဖေ့ဘွတ်ပေါ်တင်မိလို့ မြို့ခံ ၄ ဦး ဖမ်းဆီးခံရ

ပေါင်းတည်က စစ်ကောင်စီ ဗိုလ်မှူး ဝေလွင်ဦး သီချင်းဆိုနေတဲ့ပုံကို ဖေ့ဘွတ်ပေါ်တင်မိလို့ မြို့ခံ ၄ ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့က ရေဘေးသင့်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ သီချင်းဆိုတဲ့ စစ်ကောင်စီဗိုလ်မှူးဓါတ်ပုံကို လူမှုကွန်ယက်တင်ခံရလို့ဆိုကာ စက်တင်ဘာ ၂၁ ရက်မွန်းလွဲပိုင်းက မြို့ခံ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပေါင်းတည်မြို့ခံတဦးဆီက သိရပါတယ်။

အဲဒီဗိုလ်မှူးဟာ ပေါင်းတည်မြို့၊ ရန်ကုန် - ပြည်လမ်းဘေးက ရေဘေးသင့်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ စက်တင်ဘာ ၁၈ ရက်က လာရောက်သီချင်းဆိုတာဖြစ်ပြီး ၎င်းသီချင်းသီဆိုနေတာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်မှာတင်သူ ပေါင်းတည်မြိုခံ ကိုသောင်းထိုက်နဲ့ ၎င်းဂီတပွဲနေရာမှာရှိနေတဲ့ ကိုမင်းမင်းသိုက်၊ ကိုစောထွန်းနဲ့ ကိုမော့စ်တို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဖမ်းတာက ဗိုလ်မှူးသီချင်းဆိုတဲ့ပုံကို ကိုသောင်းထိုက်က သူ့အကောင့်ကနေတင်တယ်။ အဲဒါကို  Paungde Scout Network ကနေပြီး စခ ဗိုလ်မှူးဝေလွင်ဦးဆိုပြီး ထပ်တင်လို့ သူတို့ ၄ ဦးကို ဖမ်းတာ။ သူတို့က ဓါတ်ပုံရိုက်ပြီး လုပ်ကြံတာဆိုတဲ့ သဘောမျိုးနဲ့ ဖမ်းတာ”လို့ ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။

အဲဒီည ၈ နာရီလောက်မှာပဲ ကိုမင်းမင်းသိုက်နဲ့ ကိုစောထွန်းတို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုသောင်းထိုက်နဲ့ ကိုမော့စ်တို့ကို ဆက်ဖမ်းထားပြီး ဖုန်းတွေကိုလည်း သိမ်းဆည်းကာ စောင့်ကြည့်မှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကို‌မော့စ်ဆိုသူကိုတော့ ဗိုလ်မှူးသီချင်းဆိုနေချိန် ဗီဒီယိုရိုက်ကူးလို့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြောဆိုတာတွေရှိပေမယ့် မြေလတ်အသံအနေနဲ့ အတည်ပြုမှုမရသေးပါဘူး။

လက်ရှိမှာ ကိုသောင်းထိုက်နဲ့ကိုမော့စ်တို့ကို ရန်ကုန် - ပြည်လမ်း၊ လှေဆိုင်ရွာအနီးက စိုက်ပျိုးရေးရုံး(ဒေသအခေါ် အထွက်တိုးစခန်း)မှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်က Paungde Scout Network က ၎င်းတို့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားတာကတော့  “ပေါင်းတည်မြို့ရှိ ပြည်သူနဲ့ လူငယ်တွေကို စစ်ကြောရေးပြုလုပ်ရာ ကိုယ်တိုင်ပါဝင်ခဲ့သူ လက်ရှိပေါင်းတည်မြို့မှာ ရာထူးအကြီးဆုံး ထုံးဘိုအခြေစိုက် ကပစ ၅ က စခ ဗိုလ်မှူး ဝေလွင်ဦး”ဆိုကာ ၎င်းဗိုလ်မှူးသီချင်းဆိုတဲ့ ဓါတ်ပုံနဲ့ တွဲလျှက်ဖော်ပြထားတာ ဖြစ်ပါတယ်။

နောက်ထပ်မြို့ခံတဦးကလည်း ”ဗိုလ်မှူးက မြန်မာပြည်သိန်းတန်သီချင်းကို ဆိုတာကို မြင်လိုက်တယ်။ အရပ်ဝတ်နဲ့ပဲ၊ အရက်မူးလား မမူးလားတော့ မသိဘူး ။လူကရုပ်ဖျက်ထားတာ။ အဲ့ဗိုလ်မှူးက ရုပ်ဖျက်ပြီး မြို့ထဲကိုသွားနေကျလေ။ ဇာတ်လမ်းက ဗိုလ်မှူးဆိုတဲ့ကောင်ကြောင့်ဖြစ်တာ။ ဘာတွေဆက်ဖြစ်မယ်တော့ မသိဘူး။ မပေါင်းအပ်သူကို ပေါင်းကြလို့ဖြစ်တာပဲ။” လို့ ပြောပါတယ်။

ဗိုလ်မှူး ဝေလွင်ဦးဟာ  ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုအခြေစိုက် အမှတ် ၅ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၅) က ဖြစ်ပြီး လက်ရှိ ပေါင်းတည်မြို့နယ်မှာ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁ အဖြစ် တာဝန်ယူထားသူဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ပေါင်းတည်ရေဘေးရန်ပုံငွေဂီတပွဲတွင် သီချင်းဆိုသီဆိုနေသူ စစ်ကောင်စီဗိုလ်မှူး (အလယ်မှ ဦးထုပ်အပြာနှင့် သီချင်းသီဆိုနေသူ)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ဗိုလ်မှူး #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10