ပေါင်းတည်က စစ်တပ်သတင်းပေး ရှင်းလင်းခံရ

ပေါင်းတည်က စစ်တပ်သတင်းပေး ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်တပ်သတင်းပေး ပျူစောထီးခေါင်းဆောင်လို့ လူသိများသူတဦးကို မတ်လ ၁၀ ရက်ဒီနေ့လယ် ၁၂ နာရီလောက်မှာသေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Thegon PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ နှစ်အရွယ် ကိုအောင်ဝင်းဌေးဆိုသူဖြစ်ပြီး သူ့ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာလို့ တပ်ခွဲ ၄ - TPDF ရဲ့ သတင်းတာဝန်ခံက ပြောပါတယ်။


"သူက ရွာကိုဆိုင်ကယ်နဲ့တဦးတည်း ပြန်လာတာကို လက်ပံခုံရွာအနီး မြေနီလမ်းပေါ်မှာ ရှင်းလိုက်တာ၊ ပွဲချင်းပြီး သေတယ်။ နားထင်၊ ရင်ဘတ်နဲ့ နံညွှန့်တွေကို တချက်စီနဲ့ ၃ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။

ကိုအောင်ဝင်းဌေးဟာ သစ်ပုတ်တာဝါတိုင်က စစ်သားတွေနဲ့ပေါင်းပြီး ကျွန်းသစ်ခိုးတာ၊လမ်းပြတာ၊ အိမ်ထောင်စုစာရင်းကောက်ယူတာ၊ စစ်တပ်ကို မမှန်သတင်းပေးတာ၊ လောင်းကစားဝိုင်းပြုလုပ်တာနဲ့ ဆက်ကြေးကောက်တာတွေ ပြုလုပ်နေတာဖြစ်သလို သူနဲ့ပတ်သက်ပြီး သတင်းပေးပို့ချက်တွေလည်း ရှိတာကြောင့် စိစစ်ပြီးမှ ခုလိုလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်ပြီးချိန်ကစလို့ လက်ရှိအချိန်ထိ ကိုအောင်ဝင်းဌေးနဲ့ပူးပေါင်းနေတဲ့ စစ်သားတွေလည်း သူ့အိမ်ကို ရောက်ရှိလာခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒီရှင်းလင်းမှုကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ - TPDF၊ တပ်စု ၆၊ တပ်စိတ် ၁၆ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးအုပ်စု၊ အောင်သပြေရွာကို ကျွန်းသစ်ခိုးယူဖို့လာတဲ့ ဖောကားတစီးကို ပေါင်းတည်မြို့နယ်တပ်ရင်း ၃၆၀၁ တပ်ခွဲ ၃ က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10