ပေါင်းတည်က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးဗုံးခွဲ

ပေါင်းတည်က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးဗုံးခွဲ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးတဲ့အနေနဲ့ ဧပြီလ ၉ ရက်ဒီမနက်က ဗုံး ၁ လုံးဖေါက်ခွဲခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၆၀၁ တပ်ခွဲ - ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက် ဘုရားကြီးလမ်းပေါ်က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ကို ဒီနေ့မနက် ၅ နာရီက ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
 
"ပေါင်းတည်သင်္ကြန်မဏ္ဍပ်ကိုဗုံးခွဲတာဟုတ်ပါတယ်၊ ခုမနက် ၅ နာရီကပါ၊ ပြည်သူတွေထိခိုက်မှုမရှိအောင် မဏ္ဍပ်ကြမ်းခင်းပေါ်တင်ပြီးခွဲခဲ့တာပါ၊ ပျက်စီးမှုအနည်းအပါးပဲရှိမယ်၊ စစ်ကောင်စီနဲ့တပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာ" လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၃၆၀၁ တပ်ခွဲ - ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဗုံးပေါက်ကွဲသံကို တမြို့လုံးက ကျယ်လောင်စွာကြားရပြီး နေအိမ်တွေတောင် တုန်သွားတယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။
 
အဲဒီသင်္ကြန်မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီက မြို့နယ်အတွင်းရှိ နိုင်ငံပိုင်ကျွန်းသစ်ခိုးထုတ်သူတွေကို ထောက်ပံ့ခိုင်းစေပြီး၊ အခြားကုန်ကျငွေတွေအတွက် နယ်လှည့်လောင်းကစားဒိုင်တွေ၊ ၂ လုံး၊ ၃ လုံးနဲ့ ဘောလုံးဒိုင်တွေကို ထွေအုပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက မဲလက်မှတ်ရောင်းကာ ရံပုံငွေရှာဖွေတယ်လို့ အုပ်ချုပ်ရေးဌာနနဲ့နီးစပ်သူတဦးက ပြောပါတယ်။
 
ပေါင်းတည်မြို့ကို စစ်ကောင်စီက မာရှယ်လောကြေညာထားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မကြာခဏဆိုသလို တိုက်ခိုက်မှုတွေပြုလုပ်နေပြီး ဧပြီလ ၃ ရက်ညကလည်း တောင်ပို့လှအုပ်စု ကပြန်လာတဲ့ ရဲတွေကို မိုင်းဆွဲခဲ့ကြပါသေးတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်သင်္ကြန်အကြိုနေ့မတိုင်မီကလည်း မြို့ပေါ်ရပ်ကွက်တခုနဲ့ မဏ္ဍပ်အနီးမှာဗုံးပေါက်ကွဲခဲ့သလို မဏ္ဍပ်ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ လုံခြုံရေးစစ်သားကိုလည်း လူငယ်အချို့ကအရက်ပုလင်းခွံနဲ့ပစ်ပေါက်ခဲ့ကြပြီး၊ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)မှာတော့ မဏ္ဍပ်အနီး ဘုရားကြီးလမ်းနဲ့ ရန်ကုန်လမ်းထောင့်အလွန်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရေကစားလာတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။
 
ပုံစာ - ဗုံးခွဲတိုက်ခိုက်မခံရမီ ပေါင်းတည်မဏ္ဍပ်ဆောက်လုပ်နေကြစဉ်။

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10