ပေါင်းတည်က ဒေသတွင်းအရေးပါတဲ့လမ်း ပျက်စီးနေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေ

ပေါင်းတည်က ဒေသတွင်းအရေးပါတဲ့လမ်း ပျက်စီးနေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ထဲက ဒေသတွင်းအရေးပါတဲ့လမ်းပိုင်းတခု ပျက်စီးနေတဲ့ အတွက် ကိုယ်ထူကိုယ်ထပြုပြင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံအုပ်စု၊ ပေါင်းတည်-သဖန်ကုန်း(တာပွန်လမ်း) လမ်းပိုင်းမှာဖြစ်ပြီး ၂၀၁၃ လောက်မှာ ကတ္တရာခင်းပြုပြင်ခဲ့ပေမယ့် လက်ရှိမှာကတ္တရာအပေါ်ယံလွှာတွေ ပျက်စီးကာ ကတ္တရာမကျန်တော့ဘဲ သွားလာရခက်နေတဲ့အတွက် ဩဂုတ် ၃ ရက်ကစတင်ပြီး ပြုပြင်နေတာလို့ ဆိုပါတယ်။ 

“ချိုင့်ခွက်တွေက ကားတွေ၊ ဆိုင်ကယ်တွေ ရှောင်မောင်းလို့မရလောက်အောင်ဖြစ်နေလို့ ပြည်သူတွေက မြေနီ(ကျောက်ပါသည့်မြေနီ)တွေ ငွေကုန်ခံဝယ်ပြီး ပြင်နေရတယ်။ အဓိကတော့ ဂူကြီးရွာနဲ့ သဖန်းကုန်းဈေးကြားတွေမှာပါ။ နှစ်မိုင်ခွဲဝန်းကျင် ရှိမယ်။ အုံ့ဆိုင်းနေတဲ့ သစ်ပင်အကိုင်းတွေလည်း ခုတ်သင့်တာ ခုတ်ကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လမ်းပြုပြင်ဖို့ကုန်ကျစားရိတ်အတွက် ဒေသခံပြည်သူတွေ၊ သံဃာတော်တွေ၊ အဝေးရောက်ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်သားတွေနဲ့ ခရီးသွားတွေက အလှူငွေတွေထည့်ဝင်ကြပြီး ပြုပြင်ရာမှာလည်း သံဃာတော်အချို့၊ ကျေးရွာသူ၊ ရွာသားတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေက လုပ်အားပေးကြတယ်လို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ နီးစပ်သူတဦးကတော့ “လမ်းပြင်ဖို့ ဘတ်ဂျက် မရှိသေးသလို အပေါက်ဖာဖို့တင်ထားတာလည်း (ဘတ်ဂျက်) မကျသေးပါဘူး၊ ဘတ်ဂျက်ကလူကြီး (ဝန်ကြီးချုပ်အဆင့်) ခရီးစဉ်တွေရှိတဲ့ဘက်သာ ဦးစားပေးတာ” လို့ ပြောပါတယ်။ 

အဲ့ဒီလမ်းဟာ ပေါင်းတည်မြို့နယ်ကနေ နတ်တလင်းနဲ့ မိုးညိုမြို့နယ်တွေအထိသွားလို့ရတဲ့ ဒေသတွင်း အရေးပါတဲ့လမ်းတခုဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - ကိုယ်ထူကိုယ်ထလမ်းပြင်နေသည့် ဒေသခံများ။

ဓါတ်ပုံများကို လူမှုကွန်ယက်စာမျက်နှာမှ ကူးယူဖော်ပြသည်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ကိုယ်ထူကိုယ်ထ #ဒေသခံပြုပြင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10