ပေါင်းတည်က ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပေါင်းတည်က ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်အထက်မှာ ဇန်နဝါရီလ ၄ ရက် ဒီနေ့မနက်က ပျူစောထီးခေါင်းဆောင်လို့ လူသိများသူတဦးကို ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၃၆၀၂၊ TPDF တပ်ခွဲ ၄ က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ် ကိုအောင်ဖာ (ခ) ကိုမင်းနိုင်ဦးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သိမ်ကုန်းရွာနဲ့ ပျဉ်ကြီးရွာကြားက သစ်တောအစပ်မှာ ဒီမနက် ၇ နာရီခွဲလောက်က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"သူ့ရွာကနေ ဝဲကြီးဆည်အစပ်ပျဥ်ကြီးရွာကို သိမ်ကုန်းတာဝါတိုင်စောင့် စစ်သားတွေအတွက် ရိက္ခာကို နွားလှည်းနဲ့လာတင်တာ။ ကျနော်တို့က အသင့်စောင့်နေပြီး MK 12 နဲ့ နဖူးတချက် ရင်ဝတချက်ပစ်ခတ်ခဲ့တာ ပွဲချင်းပြီးပဲ" လို့ TPDFတပ်ခွဲ ၄ မှ သတင်းတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်တဲ့နေရာက ကပစ ၃ က စစ်သားတွေတပ်စွဲရာ သိမ်ကုန်းတာဝါတိုင်နဲ့နီးပေမယ့် စစ်သားတွေမလာရဲတဲ့အတွက် အလောင်းကို မိသားစုဝင်တွေကပဲ ရွာကိုပြန်ထမ်းသွားတယ်လို့ သူကဆက်ပြောပါတယ်။

ကိုအောင်ဖာ(ခ)ကိုမင်းနိုင်းဦးဟာ တာဝါတိုင်အနီးမှာတပ်စွဲထားတဲ့ စစ်သားတွေနဲ့ပေါင်းပြီး လက်နက်ခဲယမ်းတွေသယ်တာ၊ စစ်တပ်ကို လမ်းပြတာ၊ အိမ်ထောင်စုစာရင်းကောက်ယူပေးတာအပြင် ပေါင်းတည်မြို့နယ်၊ လဲပင်ကျေးရွာက စစ်ဘေးရှောင်တွေရဲ့နေအိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို စစ်ကောင်စီနဲ့ပေါင်းယူတာတွေအပြင် ဆပ်ကြေးကောက်တာတွေကို လုပ်တဲ့အတွက် ခုလိုရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်ရင်း ၃၆၀၂၊ TPDF တပ်ခွဲ ၄ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်ကလည်း သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု၊ အိုင်းကုန်းကျေးရွာက အသက် ၄၇ နှစ်အရွယ် ရာအိမ်မှူးကိုညီဂျော်(ခ)ထွန်းထွန်းနိုင်ကိုလည်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့ပါသေးတယ်။

အခုလို ဝဲကြီးဆည်အထက်မှာ ပစ်ခတ်မှုဖြစ်တိုင်း စစ်ကောင်စီလက်အောက်ခံ မှတ်တိုင်ရဲစခန်းရဲတွေက အလောင်းလာမကောက်ရဲတာ ၅ ဦးနဲ့အထက်ရှိနေပြီး ဆရာဝန်ရဲ့ဆေးစစ်ချက်တွေလည်း မတင်ပြနိုင်တာကြောင့် အမူဖွင့်ဖို့လည်း အခက်ကြုံနေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10