ပေါင်းတည်က အုပ်ချုပ်ရေးမှူတဦး သေနတ်နဲ့ပစ်သတ်ခံရ

ပေါင်းတည်က အုပ်ချုပ်ရေးမှူတဦး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ ရွာသစ်ကြီးအုပ်စုအုပ်ချုပ်ရေးမှူး အသက် ၆၀ နှစ်ဝန်းကျင်ရှိ ကိုတင်ဦးဖြစ်ပြီး စက်တင်ဘာ ၂၆ ရက် မနေ့ညနေ ၆ နာရီခွဲကျော်လောက်က သူနေထိုင်ရာ ရွာသစ်ကြီးအုပ်စုအတွင်းရှိ ဖိုးခေါင်တိန်ရွာနေအိမ်မှာပဲ သေနတ်နဲ့ ၄ ချက်ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

"အုပ်ကြီးက ညာဘက်မျက်လုံးထွက်တယ်။ ညာလက်မှာလည်း ဒဏ်ရာတွေရထားတယ်။ ရင်ဘတ်တွေ ရောပဲ။"လို့  မြို့ခံတဦးက ပြောပါတယ်။

မနေ့ည ၇ နာရီဝန်းကျင်လောက်မှာပဲ ကိုတင်ဦးအလောင်းကို ပေါင်းတည်ဆေးရုံရင်ခွဲရုံကိုပို့ခဲ့ပြီး စက်တင်ဘာ ၂၇ ရက် ဒီမနက်မှာတော့ အလောင်းကို မြို့ပေါ်ရှိပရဟိတအသင်းကားနဲ့ နေအိမ်ပြန်ပို့ပေးတယ်လို့ ဆိုပါတယ်။

ကိုတင်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို ဒီနေ့မနက်အထိ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

စက်တင်ဘာ ၂၄ ရက် ညနေပိုင်းမှာလည်း ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စုက ရာအိမ်မှူး ကိုသိန်းဦးကို ကြို့ပင်ကောက်အခြေစိုက် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ နဲ့ ပူးပေါင်းအဖွဲ့တို့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ပေါင်းတည်၊ ‌ပေါက်ခေါင်း၊ နတ်တလင်း၊ အုတ်ဖိုနဲ့ အရှေ့ခြမ်းရှိ ထန်းတပင်မြို့နယ်တို့ကို ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ  ၂ ရက်က စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်း ဖြစ်ပါတယ်။

ပုံစာ - ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာကျင်းပတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေး။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အနောက်ခြမ်း #ပေါင်းတည် #အုပ်ချုပ်ရေးမှူး #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10