ပေါင်းတည်က NLD မြို့နယ်ဒုဥက္ကဌအပါ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

ပေါင်းတည်က NLD မြို့နယ်ဒုဥက္ကဌအပါ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့က NLD မြို့နယ်ဒုဥက္ကဌ၊ လုပ်ငန်းရှင် ၂ ဦးနဲ့ အသက် ၁၈ နှစ်အောက် လူငယ်အမျိုးသား ၃ ဦး စုစုပေါင်း ၆ ဦးကို စစ်ကောင်စီက ဇွန်လ ၂၇ ရက် မနေ့ညပိုင်းက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့ပေါ် မင်းကွက် ၃ ရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး အားလုံးကို သူတို့ရဲ့နေအိမ်တွေမှာပဲ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

"ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့မသိရဘူး။ အားလုံးကတော့ အေးဆေးနေကြသူတွေပါ။ မှတ်တိုင်နယ်မြေရဲစခန်းမှာ စစ်ကြောရေးလုပ်နေတယ်လို့ကြားတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

အသက် ၆၀ နှစ်အရွယ် မြို့နယ် NLD ဒုဥက္ကဌ ဆလိုင်းကျင်ထိုးတန်နဲ့ အသက် ၁၇ နှစ်၊ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ ၂ ဦး၊ NLD ပါတီဝင် ဦးကျော်စိုး (လုပ်ငန်းရှင်)၊ ကိုဖာတွတ် (လုပ်ငန်းရှင်)နဲ့ စန္ဒာရုံကွက်သစ်မှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် (ယခုနှစ်ဆယ်တန်းအောင်) ကျောင်းသားတဦးတို့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဦးကျော်စိုးကိုဖမ်းဆီးတာဟာ သူရဲ့သားဖြစ်သူကိုမတွေ့လို့ ဖမ်းဆီးတာလို့သိရပြီး စန္ဒာရုံကွက်သစ်မှာနေတဲ့ လူငယ်ကိုတော့ သူ့ရဲ့ဖခင် ယခင်မင်ကွက် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို မတွေ့လို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေနဲ့ ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ပေါင်းတည်မြို့နယ်အတွင်းမှာ မကြာခဏဆိုသလို ဖမ်းဆီးမှုတွေရှိနေပြီး အခုနှစ်ဧပြီလကုန်ပိုင်းကလည်း ပေါင်းတည်မြို့နယ်က NLD မြို့နယ်အလုပ်အမူဆောင် ဦးမြင့်ထွန်းဖမ်းဆီးခံရကာ စစ်ကြောရေးမှာပဲ သေဆုံးခဲ့ပါသေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ပေါင်းတည်၊ ပေါက်ခေါင်း၊ နတ်တလင်း၊ အုတ်ဖိုနဲ့ အရှေ့ခြမ်းက ထန်းတပင်မြို့နယ်တို့ကို စစ်ကောင်စီက အခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်ကစလို့ စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်းဖြစ်ပါတယ်။

ပုံစာ - ပေါင်းတည် NLD မြို့နယ်အလုပ်အမှုဆောင် အစည်းဝေးတွင် ဒုဥက္ကဌ ဆလိုင်းကျင်ထိုးတန် ကို တွေ့ရစဥ်။ (ပုံဟောင်း) 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #NLD ဒုဥက္ကဌ #ဒေသခံ #စစ်ကောင်စီ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10